ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က ခလရ ၂၃ တပ်ရင်းကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ TNLA က သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီး စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တာကြောင့် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
“မနေ့က နေ့လယ်မှာ လက်ကျန်တပ်စခန်းကို ကျမတို့ သိမ်းလိုက်နိုင်ပါတယ်။ သီပေါကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီလို့ ပြောလို့ရပါတယ်။ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင် ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ မိသားစုဝင်တွေကိုတော့ ကျမတို့ ပြန်လွှတ်ပေးသွားမှာပါ။ စစ်သုံ့ပန်းတွေကိုတော့ ထိန်းသိမ်းထားဆဲပါ။”
စက်တင်ဘာလကုန်ပိုင်းက ခမရ ၅၀၃ နဲ့ ခမရ ၅၀၄ တပ်တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပြီး အဆိုပါတပ်ရင်းတွေက စစ်သားတွေဟာ ခလရ ၂၃ ကို ဆုတ်ခွာကာ ခံစစ်ပြင်ပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ကူတို့နဲ့အတူ အပြင်းအထန် ခုခံခဲ့ပါတယ်။
ခလရ ၂၃ ကို သိမ်းပိုက်နိုင်တာနဲ့အတူ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပေမဲ့ ဘယ်လောက်များတယ်ဆိုတာကိုတော့ စာရင်းအတိအကျ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“မနေ့ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ဒီနေ့မနက်အထိကို လက်နက်ကြီးတွေ လေကြောင်းတွေနဲ့ တိုက်ခိုက်တာမျိုး ရှိပါတယ်။ သီပေါကို စစ်ကူပို့တယ်ဆိုတဲ့ အခြေအနေကိုတော့ မကြားရသေးပါဘူး။”
သီပေါမြို့ကို TNLA အနေနဲ့ ၂ လနီးပါးလောက် တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး စစ်ကောင်စီဘက်က သီပေါကို လက်မလွှတ်ရရေးအတွက် ခဲယမ်း၊ ရိက္ခာတွေကို လေကြောင်းကနေ အကြိမ်ကြိမ် ဖြည့်တင်းပေးခဲ့သလို လေယာဉ်နဲ့လည်း အကြိမ်ကြိမ် ဗုံးကြဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မြို့ ၅ မြို့အထိ သိမ်းပိုက်ရရှိထားကာ တချို့မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားတွေကို စတင်လည်ပတ်နေပြီလည်း ဖြစ်ပါတယ်။