Home
မြန်မာသတင်း
တောင်ငူတွင် သန်းခေါင်စာရင်းကောက်ပေးသည့် ဆရာ၊ ဆရာမများ နေ့စားခမရ
DVB
·
October 21, 2024

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ လူဦးရေ သန်းခေါင်စာရင်းကောက်ပေးတဲ့ ဆရာ ဆရာမတွေကို စစ်ကောင်စီက နေ့စားခတွေ မပေးဘူးလို့ စာရင်းကောက်ယူရာမှာ ပါဝင်သူတွေဆီက သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ စာရင်းစစ်နဲ့ စာရင်းကောက်တွေကို စားစရိတ်၊ လမ်းစရိတ် ပေးမယ်လို့ စစ်ကောင်စီက ပြောခဲ့ပေမဲ့ စာရင်းကောက်ပြီးတဲ့အချိန်မှာ နေ့စားခ လုံးဝမပေးဘူးလို့ ဆရာမတယောက်က ပြောပါတယ်။

“တရက်ကို ၈,၈၀၀ ပေးတယ်၊ လမ်းစရိတ်က ၄,၀၀၀၊ ထမင်းစရိတ်က ၄,၈၀၀ ပေးတယ်၊ အစက စာရင်းကောက်ပြီးရင် ပေးမယ်ထင်တာ၊ စာရင်းကောက်ပြီးတော့ ဘယ်သူ့ဆီ တောင်းရမှန်းမသိဘူး၊ တယောက်မှမပေးဘူး၊ ကောက်ကွက်ကျန်လို့ ရက်ထပ်တိုးပေမဲ့ တောင်ငူမှာက အဲ့လောက် ကောက်ကွက်မကျန်တာ။”

၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာမှာ စစ်ကောင်စီက ဝန်ထမ်းပေါင်း ၄၂,၀၀၀ ကို အသုံးပြုထားတဲ့အတွက် အကုန်လုံးကို နေ့စားခ မပေးနိုင်မှာကို စိတ်ပူနေတယ်လို့ လဝကနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“တချို့ကလည်း နေ့စားခရပြီလားလို့ မေးတဲ့သူတွေရှိတယ်။ စစ်တပ်က ဘယ်သူ့ကိုမှမပေးတာ၊ ဘယ်တော့ပေးမလဲ ဆိုတာလဲ မသိဘူး၊ တယောက်ကို ၁၅ ရက်ခ ၁၃၂,၀၀၀ ပေးရမှာ၊ တောင်ငူမြို့တင် သိန်း ၃၀၀ နီးပါးလောက် ပေးရမယ်၊ မပေးမှာကို စိတ်ပူတယ်။”

တောင်ငူမြို့နယ်မှာ ရပ်ကွက် ၂၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇ စုနဲ့ ကျေးရွာ ၂၅၁ ရှိပြီး စာရင်းစစ်၊ စာရင်းကောက် ၂၁၆ ယောက်နဲ့ သန်းခေါင်စာရင်းကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေမှာ စစ်ကောင်စီက လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် အောက်တိုဘာ ၃၁ ရက်အထိ ရက်တိုးထားပေမဲ့ ကောက်ယူရာမှာ ပါဝင်သူတွေကတော့ နေ့စားခမရတာ၊ အကြွေးထားတာတွေနဲ့ ကြုံနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013