Home
မြန်မာသတင်း
ရန်ကုန်တွင် ခိုးဆိုးလုယက်မှုကာကွယ်ရန် ပြည်သူများ ကိုယ့်အားကိုယ်ကိုးနေရ
DVB
·
October 25, 2024
၂၀၂၂ ခုနှစ်က ရန်ကုန်မြို့လယ်၌ ပစ္စည်းလု ဓားထိုးမှုဖြစ်စဉ်

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ခိုးဆိုးလုယက်မှုတွေ များလာသလို ရန်ကုန်မြို့ပေါ်မှာလည်း ခိုးဆိုးလုယက်မှုတွေကြောင့် ပြည်သူတွေဟာ မိမိအိမ် လုံခြုံရေးအတွက် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်နေကြရပါတယ်။

မြို့တွေအတော်များများမှာ လူနေအိမ်၊ ဈေးဆိုင်၊ လမ်းပေါ်၊ ယာဉ်ပေါ်၊ ရွှေဆိုင်နဲ့ ဘဏ်တွေကို လုယက်မှု၊ ဓားပြမှု စတာတွေဟာ သိသိသာသာ ဖြစ်ပွားခဲ့ပြီး သိပ်မကြာသေးခင်ကလည်း ရန်ကုန် လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကား လုယက်ခံခဲ့ရပြီး ရွှေ ၅ ပိဿာ ပါသွားခဲ့ပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေက ခပ်စိပ်စိပ် ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံ ကုန်သည် ဦးထက်မြတ်က ပြောပါတယ်။

“အာဏာသိမ်းပြီး နောက်ပိုင်းမှာ ခိုးဆိုးလုနှိုက်တွေက ခပ်စိပ်စိပ်ကို ဖြစ်လာတယ်။ ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း စားဝတ်နေရေး အခက်အခဲကြောင့် တော်တော်လေး ရှာရဖွေရ ခက်တယ်လေ။ အဲ့ဒါကြောင့် တကြောင်း၊ ပြီးရင် တရားဥပဒေကလည်း မစိုးမိုးနိုင်တော့ဘူးလေ။ ရဲတွေက အလုပ်မလုပ်နိုင်တော့ဘူး။ ရဲတွေက သူတို့လုပ်တာကဘာလဲဆိုရင် ဒီဘက် သူတို့ကို အထက်က အမိန့်ပေးလာရင် တော်လှန်ရေး လူငယ်တွေကို နှိပ်ကွပ်ဖို့ပဲဗျာ။ အဲ့ဒါကြောင့် ဒီဟာကို သူတို့ ခိုးဆိုးလုနှိုက် အရင်ကတည်းက ဇရှိတဲ့သူတွေကို သူတို့က စပိုင်ပြန်လုပ်ခိုင်းတာပေါ့။ အဲ့ဒါတွေကြောင့် ခိုးဆိုးလုနှိုက်တွေက တော်တော် စိပ်စိပ်ကို ဖြစ်လာတယ်။”

ခိုးဆိုးလုယက်မှုတွေ ပေါလာတဲ့ ရန်ကုန်မြိုမှာ အခုဆိုရင်တော့ ဘတ်စ်ကားတွေပေါ် ပိုက်ဆံလိုက်တောင်းလေ့ရှိတဲ့ ကလေးတွေလည်း ခါးပိုက်နှိုက်တွေ ဖြစ်လာကြတယ်လို့ တက္ကဆီယာဉ်မောင်း တယောက်က ပြောပြပါတယ်။

ရန်ကုန်မှ တက္ကဆီမောင်းသမား ဦးမောင်က “လမ်းပေါ်က ကားတွေမှာ ဘက်ထရီ ဖြုတ်တာတို့၊ ဆလွန်းကားတွေဆို နောက်က တြိဂံမှန်လေးကို ရိုက်ခွဲပြီးတော့ တံခါးဖွင့်ပြီး ကားထဲရှိတာ ခိုးတာတို့။ ဘတ်စ်ကားဆိုရင်လည်း ခါးပိုက်နှိုက်ကတော့ ပေါတယ်။ ပေါတဲ့အပြင် ခါးပိုက်နှိုက်က ဘယ်လို ခါးပိုက်နှိုက်လည်းဆိုရင် တချို့ ကလေးတွေ စာရွက်လေးတွေ ဝေပြီး ဘတ်စ်ကားပေါ်မှာ ပိုက်ဆံတောင်းတယ်လေ၊ အဲ့ဒီကလေးတွေကအစ ခါးပိုက်နှိုက်ဖြစ်ကုန်ပြီ။ အဲ့ကလေးတွေက စာရွက်လေးတွေ ဝေသလိုလုပ်ပြီး လစ်ရင်လစ်သလို နှိုက်ကြတာ”လို့ ပြောပါတယ်။

သာကေတမြို့နယ်က ရပ်ကွက်တခုမှာလည်း ရပ်ကွက်ကလူတွေ ရပ်မိရပ်ဖတွေပေါင်းပြီး ညစောင့်ငှားတာ၊ မီးလုံးတွေ တပ်တာ စတဲ့ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်ရပ်ကွက်လုံခြုံရေးကို လုပ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မတရားမှု ရာဇဝတ်မှုတခု ကျူးလွန်ခံရရင် ရဲမတိုင်ရဲသလို ဘာလုပ်ရမလဲမသိ ဝေဝါးနေရတယ်လို့ သာကေတမြို့နယ်နေပြည်သူတယောက်က ပြောပါတယ်။

သာကေတဒေသခံ ကိုမြတ်သူက  “ခိုးဆိုးလုယက်မှုတွေကြောင့် သေချာတာပေါ့၊ ကိုယ့်ရဲ့ လုံခြုံရေးရော၊ အိမ်လုံခြုံရေးရော စိုးရိမ်ရတယ်ပေါ့နော်။ ဥပမာ လမ်းမှာ ကိုယ်ထိလက်ရောက် စော်ကားခံရရင်တောင်မှပဲ ဘယ်သူ့ကို သွားတိုင်ရမလဲ မသိတဲ့ အခြေအနေပေါ့။ ဥပမာ ရဲကို သွားတိုင်ရင်လည်း ကိုယ့်ကို ကိုယ်ထိလက်ရောက်လုပ်တဲ့သူက ဒီလူကတော့ ရဲနဲ့ ပတ်သက်တယ်၊ ဒလန်ဆိုပြီး စွပ်စွဲပြီးတော့မှ ဘာလုပ်မှာလဲ၊ ညာလုပ်မှာလဲပေါ့၊ ပြောချင်တာကတော့ ပဲကြီးလှော် ဆားညပ်သလိုမျိုး ခံစားနေရတယ်ပေါ့နော် လတ်တလောမှာ။ တကယ်လို့ မတရားမှု တခု ဖြစ်လာတယ်၊ ရာဇဝတ်မှု တခု ကျူးလွန်ခံရတယ်ဆိုရင် ဘာလုပ်ရမလဲဆိုတဲ့ အမြင်က ဝေဝါးနေတာပေါ့လေ။”

Data for Myanmar က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာနိုင်ငံတဝန်းက ဘဏ်တွေကို ဝင်ရောက်လုယက်ခဲ့တဲ့ ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့တဲ့ ဖြစ်စဉ် ၅၇ ခု၊ စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လုယက်မှု၊ အိမ်ဖောက်ထွင်းမှုတွေကို CCTV မှာ ရိုက်မိထားလို့ ရဲကိုပြသပြီး တိုင်ကြားခဲ့ရင်တောင် ဖမ်းဆီး၊ အရေးယူမှုတွေ မရှိသလို ကိုယ်တိုင်ကိုယ်ကျဖမ်းပြီး ရဲစခန်းပို့ရင်တောင် သိပ်မကြာခင် ပြန်လွတ်လာတဲ့ ဖြစ်စဉ်တွေ ရှိကြောင်းကိုလည်း ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။ 

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024