ရန်ကုန်မှာ မနေ့ညပိုင်းကနေ အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက်ပိုင်းအထိ မိုးတွေ သည်းထန်းစွာ အဆက်မပြတ်ရွာသွန်းနေတာကြောင့် နေရာအတော်များများမှာ ရေကြီး နစ်မြုပ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ အင်းယားလိတ်ဟိုတယ်ရဲ့ မီးပွိုင့်ပတ်ဝန်းကျင်၊ ၁၀၆ ကားမှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်း၊ ဗဟိုလမ်း၊ တာမွေအဝိုင်းလေး၊ အရှေ့မြင်းပြိုင်ကွင်း၊ ဆယ်မိုင်ကုန်း၊ သမိုင်းလမ်းစုံ၊ မြောက်ဒဂုံ၊ အင်းစိန်စတဲ့ နေရာတွေအပြင် မြို့နယ်အသီးသီးက အနိမ့်ပိုင်းကျတဲ့နေရာတွေမှာ ရေကြီးနစ်မြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်မှာနေသူတယောက်က “ကားလမ်းတွေလည်း နေရာတိုင်းလိုလို ပိတ်နေပါတယ်။ မိုးက မနေ့ညက တညလုံးရွာတယ်။ ဒီနေ့မနက်ပိုင်းက ရွာလိုက်တိတ်လိုက်နဲ့ အိမ်တွေထဲအထိ ရေဝင်တာတွေဖြစ်တယ်။ ချိုင့်ခွက်လိုနေရာတွေက ပိုဆိုးတယ်။ မိုးကြီးလို့ ရေမြုပ်တာ ဒါနဲ့ဆို နှစ်ခါရှိပြီ” လို့ ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်ကို ရောက်ရှိခဲ့ပြီလို့ မိုးဇလက ဒီနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ အောက်တိုဘာ ၂၃ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး ရန်ကုန်နဲ့ တနင်္သာရီကမ်းရိုးတန်းတလျှောက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဒီလိုမိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရန်ကုန်က ဖိုက်ဘာအင်တာနက်လိုင်းကွန်ရက်တွေ ပြတ်တောက်နေတာကြောင့် ပြန်လည်ပြင်ဆင်နေရတယ်လို့ အော်ပရေတာတွေထံက သိရပါတယ်။