Home
မြန်မာသတင်း
မုန်တိုင်းအရှိန်ကြောင့် မိုးများ ရေကြီးရေလျှံနိုင် 
DVB
·
October 21, 2024
Photo - mmweather.org

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေကြောင့် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးကာ မိုးများနိုင်ပြီး  ရေကြီးရေလျှံနိုင်တယ်လို့  မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကနေ အနောက်နဲ့အနောက်မြောက်ကို ရွေ့လျားနေပြီး အချင်းမိုင် ၃၇၃ မိုင်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်း DANA ဖြစ်နိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသခန့်မှန်းတဲ့စင်တာတွေက ခန့်မှန်းထုတ်ပြန်ပါတယ်။

လက်ရှိ လေဖိအားနည်းရပ်ဝန်းက အောက်တိုဘာ ၂၃ ရက်မှာ အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ပြောင်းလဲပြီး အောက်တိုဘာ ၂၄ ရက်မှာ အိန္ဒိယကမ်းခြေကိုစတင်ဝင်ရောက် နိုင်တဲ့လမ်းကြောင်းတွေကြောင့် မြန်မာနိုင်ငံမှာလည်း မိုးများတာ ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းပြောပါတယ်။

“လေဖိအားနည်းရပ်ဝန်းရဲ့ မြောက်ဘက်မှာက လေလည်းများတယ် လေလည်းပြင်းတယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နောက်ပဲခူးတိုင်းအနောက်ခြမ်း အဲဒီနေရာတွေမှာက လေပြင်းမယ့်အခြေအနေတွေ မြင့်တက်နေတာ တွေ့တယ်။ လမ်းကြောင်းရွေ့နေတဲ့ မုန်တိုင်း( လေဖိအားနည်းရပ်ဝန်း) ညာဘက်ခြမ်းက ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေ၊ ရန်ကုန်၊ ပဲခူး၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ် ဒီနေရာတွေက မုန်တိုင်းအရှိန်သက် ရောက်မှုဒဏ်ကို အနည်း အများခံရပါမယ်။”

မုန်တိုင်းအရှိန်သက်ရောက်မှုတွေကြောင့် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေနဲ့ အနောက်ဘက်က ဒေသတွေမှာ မိုးကြီးတာ မိုးရေချိန်တွေ မြင့်တက်တာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်တိုင်းထွာချက်တွေအရကတော့ ရန်ကုန်မှာ အမြင့်ဆုံးမိုးရေချိန် ၅ လက်မကျော်ထိ ရွာသွန်းနေပြီး ဆက်ပြီးလည်း မိုးရေချိန် များနိုင်တဲ့ဒေသတွေကို ခန့်မှန်းပြောပါတယ်။

“၂၁ ရက်ကနေ ၂၂ ရက် ၂၃ ရက် ၂၄ ရက် အဲဒီလေးရက်ကတော့ မိုးတွေဆက်ပြီး ရွာနေနိုင်ပါတယ်၊ မိုးဆက်ပြီး များနေနိုင်ပါတယ်၊ မိုးရေချိန်တွေကလည်း မြင့်တက်နေတယ်၊ အခုနောက်ဆုံးမြင်နေရတဲ့ လမ်းကြောင်း အနေအထားကတော့ ကမ်းရိုးတန်းနဲ့ သိပ်မဝေးဘူး။ မိုင် ၂၀၀-၃၀၀ ပတ်ဝန်းကျင်ပဲရှိတယ်ဆိုတော့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းပေါ့ အ‌ရှေ့ခြမ်းက သိပ်မများဘူး အနောက်ခြမ်းပြည်ဘက်က ပိုများတယ်။ ပဲခူးရိုးမကြီးရဲ့ အနောက်ဘက်ခြမ်းပေါ့နော်၊ ပြီးတော့မကွေးတိုင်း တောင်ဘက်ခြမ်း မကွေးမြို့အပါအဝင်ပေါ့။ အဲဒီမှာလည်း မိုးများနိုင်တယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ရခိုင်ကမ်းရိုးတန်း တလျှောက်လုံး အဲဒီနေရာတွေမှာ မိုးရေချိန် များနိုင်ပါတယ်။”

နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မိုးထစ်ချုန်းရွာတာက  ၄ ရက်ကနေ  ၉ ရက်ကြာ နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013