Home
မြန်မာသတင်း
ရန်ကုန်မြို့ပတ်ရထားစီးနင်းခ ထပ်မံတိုးမြှင့်
DVB
·
October 21, 2024

ရန်ကုန်မြို့ပတ်ရထားစီးနင်းခကို ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပြီး မြို့တပတ်စီးနင်းခ ၃၀၀ ကျပ်အစား ၈၀၀ ကျပ်အထိ တိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့မီးရထားဌာနက အသိပေးထားပါတယ်။

အဲဒီလက်မှတ်ခနှုန်းထားအသစ်ကို အောက်တိုဘာ ၂၀ ရက်က စတင်လိုက်တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ခေတ်အဆက်ဆက် ပုဂ္ဂလိက ဘတ်စ်ကားစီးခတွေထက် လျော့တဲ့နှုန်းနဲ့ ပြေးဆွဲခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဘတ်စ်ကားတွေနဲ့အပြိုင် စျေးနှုန်းတိုး သတ်မှတ်လာတာလို့ ရထား CDM ဝန်ထမ်းတချို့က ဆိုပါတယ်။

မြန်မာ့မီးရထားဌာနမှ CDM အရာရှိတယောက်က “အရင်အစိုးရလက်ထက်က အစီအမံရှိတယ်။ အခုလို ထင်တိုင်း လက်မှတ်ခတိုးဖို့ မဟုတ်ဘူး။ မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ပြီးလို့ ရထားအသစ်တွေနဲ့ ပြေးဆွဲချိန်ကျမှ သင့်တင့်တဲ့ လက်မှတ်ခ ပြောင်းမယ့်အစီအစဥ်။ အခုက ရထားအစုတ်တွေနဲ့ ပြေးနေရတုန်း” လို့ ပြောပါတယ်။

စစ်ကောင်စီ မီးရထားဌာနက ဒီဇယ်ဆီစျေး မြင့်တက်မှုကြောင့် ရထားလက်မှတ်ခတွေ တိုးမြှင့်လိုက်ရတာလို့ အကြောင်းပြထားပါတယ်။

ရထားလက်မှတ်ခ တိုးမြှင့်လိုက်တာကြောင့် အခြေခံလူတန်းစားတွေအတွက် ကုန်ကျစရိတ် ထပ်တိုးလာစေတယ်လို့ ရထားစီးခရီးသည်တယောက်က ဆိုပါတယ်။

“ရထားစီးတာက ဘတ်စ်ကားခထက် သက်သာလို့ စီးကြတာများတယ်။ အခုပုံစံအတိုင်းဆို ရထားကို အချိန်ပေး စောင့်ရမှာထက် ဘတ်စ်ကားကို ပြောင်းစီးမယ့်သူတွေ ရှိလာနိုင်တယ်။”

မြို့ပတ်ရထားကို ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်က နေ့စဥ် စီးသူ ၉၀,၀၀၀ ကျော်ရှိပြီး ကိုဗစ်ကပ်ရောဂါအလွန်နဲ့ အာဏာသိမ်းကာလမှာ စစ်ကောင်စီကို သပိတ်မှောက်သူတွေပါ ရှိလာလို့ နေ့စဥ် စီးသူ ၁၀,၀၀၀ အောက်ပဲ ရှိတော့တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီ မြန်မာ့မီးရထားဌာနအနေနဲ့ မြို့ပတ်ရထားအပြင် အဝေးပြေးရထားလက်မှတ် နှုန်းထားတွေကိုလည်း ဒီရက်ပိုင်းအတွင်း တိုးမြှင့်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013