ရန်ကုန်မြို့အဝင်မှာ စစ်ကောင်စီတပ်တွေက ဖြတ်သန်းသမျှ ကားတွေနဲ့ ခရီးသည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ ရန်ကုန်မြို့အဝင် ဇီးရိုးမိုင်ဂိတ်မှာ စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲနဲ့ လ.ဝ.က အဖွဲ့တွေက ရန်ကုန်မြို့ကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကား၊ လူနာတင်ယာဉ်တွေကို တင်းတင်းကျပ်ကျပ်စစ်နေလို့ ယာဉ်ကြောပိတ်တာတွေလည်း ဖြစ်နေတယ်လို့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။
ယာဉ်လိုင်းတခုရဲ့ ယာဉ်အကူတယောက်က “အသေးစိတ်ကို စစ်နေတာ။ ယာဉ်မောင်း၊ ယာဉ်အကူ မှတ်ပုံတင်၊ ကုန်ပစ္စည်းစာရင်းတွေ အကုန်ပြောရတယ်။ ခရီးသည်တွေဆိုရင် မှတ်ပုံတင် အဓိက စစ်တယ်။ ရန်ကုန်က မဟုတ်တဲ့သူဆိုရင် ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဘယ်မှာ နေမှာလဲ၊ မှတ်ပုံတင်က ဘာလို့ ဟောင်းနေတာလဲဆိုတာတွေ အကုန်ရစ်တာ” ပြောပါတယ်။
အခုနှစ်အစပိုင်းလောက်ကတော့ ခရီးသည်တင်ယာဉ်တွေကို အစစ်အဆေးတင်းကျပ်တာမရှိဘဲ ကားပေါ်အထိ တက်ရောက်စစ်ဆေးတာတွေ မရှိသလို ယာဉ်နောက်လိုက်က ခရီးသည်ရဲ့စာရင်းကို အဲဒီဂိတ်မှာ ပေးရုံနဲံ ဖြတ်သန်းခွင့်ရတယ်လို့ သိရပါတယ်။
ခရီးသွားတယောက်က “သူတို့ပုံစံကြည့်ရတာ တခုခု ရှာနေသလိုပဲ။ ကားပေါ်မှာပါတဲ့သူ တယောက်ချင်းစီတိုင်းကို စစ်တော့ ကြာတာပေါ့။ အနည်းဆုံး ဂိတ်ကိုဖြတ်ဖို့ ၄၅ မိနစ်လောက် ကြာတယ်။ အဲဒီဂိတ်ကို ဖြတ်ပြီးရင်လည်း အမှတ် ၃ လမ်းပေါ်မှာရှိတဲ့ မြန်မာဘီယာစက်ရုံနားမှာလည်း စစ်သားတွေက စောင့်ပြီးစစ်နေတာတွေရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်မြို့အဝင်ကိုပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဖြစ်ပြီး မြို့ကထွက်တဲ့ မော်တော်ယာဉ်တွေကိုတော့ သိပ်မစစ်ဘူးလို့ သိရပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ဒေသတွေက ပြည်သူတွေဟာ ရန်ကုန်မြို့ကို အလုံးအရင်းနဲ့ လာရောက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပါလာမှာကို စိုးရိမ်တဲ့အတွက် စစ်ဆေးမှုတင်းကျပ်တာ ဖြစ်နိုင်တယ်လို့ ခရီးသွားပြည်သူတွေက သုံးသပ်ပါတယ်။