Home
မြန်မာသတင်း
ရန်ကုန်တွင် မိုးသက်လေပြင်းကျ၊ တိုင်းနှင့်ပြည်နယ်တချို့တွင် မိုးကြီး လေတိုက်နိုင်
DVB
·
October 19, 2024

ကပ္ပလီပင်လယ်မှာဖြစ်နေတဲ့ လေပွေလှိုင်းတွေကြောင့် ကြိုတင်ခန့်မှန်းချက်တွေထက် ၁၆ နာရီစောပြီး ရန်ကုန်မြို့မှာ လေပြင်းတွေတိုက်ခတ်ခဲ့သလို မိုးကြိုးတွေပစ်ပြီး မိုးလည်း သည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီခွဲထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်က လေပွေလှိုင်း INVEST-98B ဟာ ကိုကိုးကျွန်းတောင်ဘက်ကဖြတ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ရောက်ရှိပြီး အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ရောက်ရှိပြီးတဲ့နောက် အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ အရပ်ဘက် မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲမှာထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်လာမဲ့ လေပွေလှိုင်းတွေကြောင့် အောက်တိုဘာ ၁၉ ရက် ညနေ ၅ နာရီကနေ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီအထိ ၂၄ နာရီအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးများနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက်၊ ၁ ဒသမ ၁၈ လက်မအထက် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ ကပ္ပလီပင်လယ်ပြင်ရဲ့ အထက်လေထုလွှာအတွင်းလေပွေလှိုင်းတွေက အနောက်နဲ့ အနောက်မြောက်ဘက်ကို ဆက်လက် ရွှေ့လျားရာကနေ စတင်လာတဲ့ မုန်တိုင်းလမ်းကြောင်းဟာ GFS Model အရ မြောက်ဘက်ကို ပိုရောက်တဲ့အတွက် မုန်တိုင်းအရွယ်အစား ကြီးမားလာတာကြောင့် မြန်မာ့တောင်ပိုင်းဒေသ တခုလုံးအပေါ် သက်ရောက်မှုပိုများလာနိုင်တယ်လို့ ကြိုတင် ခန့်မှန်းထားပါတယ်။

မုန်တိုင်းအခြေအနေကြောင့် မိုးလွန်ကာလမှာ ဖျက်မိုးတွေဆက်ရွာနိုင်ပြီး မိုးစပါးရိတ်သိမ်းမဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က စပါးစိုက်တောင်သူတွေအနေနဲ့ ရိတ်သိမ်းပြီးသီးနှံတွေ အမိုးအကာအောက်ရောက်အောင် ကြိုတင်ပြင်ဆင်ဖို့နဲ့ ကမ်းရိုးတန်းတလျှောက်မှာလည်း လှိုင်းလေပြင်းကျနိုင်တာကြောင့် ငါးဖမ်းသူတွေ ကြိုတင်ပြင်ဆင်ကြဖို့၊ ဘေးလွတ်ရာရှောင်ရှားကြဖို့လည်း သတိပေးထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၈ နာရီခွဲအချိန် ထိုင်း မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရလည်း ထိုင်းပင်လယ်ကွေ့မှာ လေပွေလှိုင်းစတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၂ ရက်ကစလို့ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ရာနှုန်းပြည့်ရှိနေတယ်လို့ ဦးဝင်းနိုင်က ဖော်ပြထားပါတယ်။

ပြီးတော့ ECMWF Model ကြိုတင်ခန့်မှန်းချက်အရ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ မြိတ်မြို့ရဲ့ အနောက်ဘက် ၃၂၆ မိုင်၊ ပုသိမ်မြို့ရဲ့ တောင်ဘက် ၂၆၆ မိုင်လောက်အကွာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နိုင်သလို ဒါတွေကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးသက်လေပြင်းကျနိုင်ပြီး အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းကနေ ၂၂ ရက် မနက်ပိုင်းအထိ အဲဒီ တိုင်းနဲ့ ပြည်နယ်တို့မှာ မိုးရေချိန် ၇၀ မီလီမီတာအထက်(၂ ဒသမ ၇၅ လက်မနဲ့အထက်) မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013