ရန်ကုန် အထူးမြို့ပတ်ရထားအဖြစ် တနေ့ တခေါက်သာ ပြေးဆွဲမယ့် စပိန်နိုင်ငံထုတ် ရထားတွဲတွေအတွက် ဘူတာပလက်ဖောင်းတွေကို ထပ်မြှင့်နေရပြီး အခု အောက်တိုဘာလကုန်အပြီး ပြင်ဆင်နေတယ်လို့ ကန်ထရိုက်ရယူထားတဲ့ကုမ္ပဏီထံက သိရပါတယ်။
ကန်ထရိုက်ကုမ္ပဏီ ဝန်ထမ်းတယောက်က “ဒီရထားထက်မြင့်တယ်လေ။ အဲ့ဒါကြောင့် ကွက်တိဖြစ်အောင်လုပ်တာ။ ပထမ သူတို့အနေထားက အုတ်ရိုးမတင်တဲ့အနေထားပဲရှိတာ။ တအားကြီး အခုနောက်ဆွဲမယ့် ရထားနဲ့ကျတော့ နိမ့်နေတာ။ အဲ့ဒါကြောင့်ထပ်မြှင့်လိုက်တာ။ ထပ်မြှင့်လိုက်တော့ ကွက်တိဖြစ်သွားတာ။ သူတို့ အတက်ဆင်းပေါက်နဲ့က ကွက်တိ ဖြစ်သွားတာ”လို့ ပြောပါတယ်။
လတ်တလော ရန်ကုန် - ပဲခူးလမ်းပိုင်းမှာ စမ်းသပ်ပြေးဆွဲနေတဲ့ စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းတွေကို လာမယ့်နိုဝင်ဘာလအတွင်း မြို့ပတ်အထူးရထားအဖြစ် ပြေးဆွဲသွားဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရီးဝေးပြေးဆွဲနိုင်တဲ့ တခြားစပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းတွေကိုလည်း တင်သွင်းထားတယ်လို့ မြန်မာ့မီးရထားနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အခုလက်ရှိပြေးနေတဲ့ဟာက ဒီရန်ကုန် - ပဲခူးပြေးနေတဲ့ကောင်က ခုံတန်းရှည်နဲ့ အိမ်သာဘာ ညာတော့မပါဘူး။ ဒါပေမဲ့ အဲ့မှာ Single Role ခုံ၊ Upper တို့ဘာတို့ပါနေတဲ့ ကောင်တွေကတော့ရှိတယ်။ အဲ့ကောင်တွေက ခုမှ စပြီးစမ်းတာ။ သစ်သားတွဲဆိုင်းပုံစံမျိုးဗျာ။ ရိုးရိုးတန်းပါမယ်။ Upper ပါမယ်။ ပထမတန်းပါမယ်။ သူက မြို့ပတ်ပြေးဖို့ကသပ်သပ်၊ ဒီခရီးရှည်ပြေးဖို့ကသပ်သပ်အဆိုင်းတွေအများကြီးပဲ။”
ပလက်ဖောင်းထပ်မြင့်ထားရတဲ့ ရန်ကုန်ဘူတာကြီး နံပါတ် ၇ စင်္ကြံ အရှေ့ဘက်မှာ လတ်တလော ပဲခူး - ရန်ကုန် ပြေးဆွဲနေတဲ့ စပိန်ရထားကို ဆိုက်ကပ်ထားပါတယ်။
လာမယ့် နိုဝင်ဘာလအတွင်း နေပြည်တော် အထူးရထားအဖြစ် ပြေးဆွဲသွားဖို့ ပြင်ဆင်နေတဲ့ စပိန်ရထားသစ်တွေအတွက်လည်း ရန်ကုန်ဘူတာကြီးရှိ တခြားစင်္ကြံတွေမှာလည်း ပလက်ဖောင်းတွေ ဆက်မြှင့်သွားဖို့ရှိတယ်လို့ မြန်မာ့မီးရထားနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
“မြို့ပတ်လိုင်းနဲ့ နေပြည်တော်ထိက ၁၁ လပိုင်းလောက်မှ သိရမယ်။ ဘယ်လိုမှန်းကို မသိဘူး။ ကျနော်တို့အတိအကျမသိဘူး။ ကျနော်တို့သိတာ လာတိုင်းတယ်၊ ပြင်ဖို့ဆင်ဖို့တွေ လုပ်နေကြတယ်။ တခါတည်းန့ မပြီးဘူးပေါ့။ အဲ့လိုဖြစ်ကုန်တာ။ အမှန်တခါတည်းနဲ့ ပြီးရမှာ။”
၂၀၂၂ ခုနှစ်က ဘူတာစင်္ကြံပလက်ဖောင်းတွေ မြှင့်တင်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်မှာလည်း ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းမှာပါဝင်တဲ့ ဘူတာပေါင်း ၃၆ ခုရဲ့ စကြန်ပလက်ဖောင်းတွေကို စပိန်နိုင်ငံထုတ် မြို့ပတ်ရထားတွဲဆိုင်းအသစ်တွေအတွက် မူလ ၄ ပေမြှင့်ထားတဲ့တွဲဆိုင်းအသစ်တွေကို နောက်ထပ် တပေခွဲထပ်မံမြှင့်တင်ရတာပါ။ အဲဒီရထားတွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကစပြီး စမ်းသပ် ပြေးဆွဲတာ ဖြစ်ပါတယ်။