Home
မြန်မာသတင်း
စစ်ခေါင်းဆောင် လာပြီးနောက်ပိုင်း ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထား
DVB
·
October 14, 2024
Photo - ၂၀၂၃ ခုနှစ် ရန်ကုန် စစ်ကောင်စီ လုံခြုံရေးတင်းကျပ်စဉ်က ပုံဟောင်း။

ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုပြီးနောက် သပိတ်ရဲဘော်တွေ ဆက်တိုက်ဖမ်းဆီးခံနေရတာ လမ်းသွယ်တွေနဲ့ လမ်းမတွေပေါ် အရပ်ဝတ်လုံခြုံရေး လှည့်ကင်းတွေ ပိုများလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီက သူတို့ကို တော်လှန်တိုက်ခိုက်နေသူတွေ ရန်ကုန်တိုင်းထဲ စိမ့်ဝင်မလာဖို့နဲ့ တိုက်ခိုက်တာတွေ မလုပ်နိုင်ဖို့ မပြတ်စောင့်ကြည့်ရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက် ရန်ကုန်တိုင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့လုံခြုံရေးဆိုတာ မရှိဘဲ ပြည်သူ ပါဝင်တဲ့ လုံခြုံရေးကသာ ပိုအားကောင်းလာမယ်လို့လည်း သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

အဲဒီလိုပြောဆိုခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု AJAY က ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ နဲ့ ဒဂုံကျောင်းသားဟောင်း ကိုရှိန်းဝေအောင်တို့ နှစ်ယောက်ကို စစ်ကောင်စီက ဧည့်စာရင်းစစ်မယ့် အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံ ရဲဘော်တွေကို စိုးရိမ်ပူပန်နေပေမဲ့ တဖက်မှာတော့ လူထုသပိတ်တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်းက DVB ကို ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်တာနဲ့ တွဲပြီးတော့မှ ရန်ကုန်မှာ လုံခြုံရေးတွေ တင်းကျပ်လာတယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင် လာပြီး ရန်ကုန်မြို့ရဲ့ လုံခြုံရေးကို တိုးရတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ဖိအားပေးသွားတဲ့အခါမှာတော့ လူထုသပိတ်တိုက်ပွဲတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ပိုပြီးဖိနှိပ်ဖြိုခွင်းဖို့ဆိုတဲ့ အခြေအနေက ဖြစ်လာတာပေါ့ဗျာ။ ကျနော်တို့ရဲဘော်တွေအတွက် ဒီလိုမျိုး ဖမ်းဆီးခံရမှု မတရားစစ်ကြောခံရမှုအတွက် အလွန်စိုးရိမ်တယ်။ ဒေါသလည်း ထွက်တယ်။ သို့သော် ကျနော်တို့ရဲ့ လုပ်စရာရှိတဲ့ အလုပ်တွေလည်း ဆက်လုပ်သွားမှာဖြစ်တယ်။  ကျနော်တို့က ကျနော်တို့ ယုံကြည်တဲ့ နည်းလမ်းအတိုင်း လူထုတိုက်ပွဲ လူထုရဲ့ပါဝင်မှုနဲ့အတူ ရှေ့ဆက်ပြီးတော့ လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ပုံဖော်သွားမှာဖြစ်တယ်။”

စက်တင်ဘာ ၁၉ ရက်တုန်းက အဖမ်းခံလိုက်ရတဲ့ ကိုဖိုးသား၊ ကိုမဲကြီး တို့အပါအဝင် လေးယောက်ကိုတော့ ရန်ကင်းတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ၅၀၅ နဲ့တရားစွဲထားကာ အောက်တိုဘာ ပထမအပတ်ထဲ အင်းစိန်အကျဉ်းထောင်ကို ပို့ထားတယ်လို့ ဆက်ပြောပါတယ်။ 

လတ်တလော ရန်ကုန်မှာလည်း လက်နက်ကိုင်ဆောင်ထားပြီး အရပ်ဝတ်နဲ့လုံခြုံရေး ရဲနဲ့ စစ်သားတွေကို နေရာတိုင်းလိုလိုမှာ တွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

“တနေ့ ညဘက် အပြင်ထွက်တဲ့အခါမှာ ကင်းပုန်းတွေ အများကြီးချထားတာကိုလည်း တွေ့ရတယ်။ အရပ်ဝတ်တွေ အိမ်စီးကားတွေနဲ့ပေါ့။ နေ့လယ်ဆိုလည်း လမ်းစုံလမ်းခွတွေ၊ ဆိုက်ကားဂိတ်တွေ၊ ရပ်ကွက်အတွင်းမှာဆိုလည်း ရပ်ကွက်လမ်းစုံတွေ လမ်းမတန်းမှာဆိုလည်း ကားမှတ်တိုင်တခု တခုချင်းစီမှာ စစ်သားနှစ်ယောက် သုံးယောက်လောက်ကို ကင်းချထားတာလည်း တွေ့ရတယ်။ သန်းခေါင်စာရင်းစကောက်တဲ့ နေ့ကနေ အခု သန်းခေါင်စာရင်းကောက်တာ မဆုံးခင်ရက်အထိလေ။”

စစ်ခေါင်းဆောင် ရန်ကုန် လာပြီးတဲ့နောက်မှာတော့ သိသိသာသာ လုံခြုံရေးတိုးမြှင့်ထားတာမျိုး တွေ့ရတယ်လို့ နေ့စဉ် အလုပ်သွားအလုပ်ပြန် လုပ်နေရတဲ့ လူငယ်တယောက်က ပြောပါတယ်။

“လတ်တလော ရန်ကုန်မှာ လုံခြုံရေးအခြေနေက လုံခြုံရေးနည်းနည်းတိုးမြှင့်ထားတာပေါ့။ အဲဒါကလည်း သန်းခေါင်စာရင်းကောက်ဖို့အတွက် သန်းခေါင်စာရင်းကောက်တဲ့သူတွေကို သူတို့ဘက်က လုံခြုံရေးယူပေးတဲ့ သဘောမျိုးနဲ့ပေါ့။ ပြီးတော့ ဒီကြားထဲ မအလကလည်း ရန်ကုန်ထဲကို ရောက်နေတဲ့အတွက် လုံခြုံရေးတိုးမြှင့်ထားတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ အစစ်အဆေးတွေ အရမ်းကြီးကျပ်နေလားဆိုရင်တော့ အရမ်းကြီးကျပ်တဲ့အထဲတော့ မပါပါဘူး။”

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကတော့ ဖမ်းဆီးခံတက်ကြွလှုပ်ရှားသူတွေ စစ်ကြောရေးမှာ တရားမဲ့ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပတ်သက်လို့ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ထောင်တွေထဲမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတွေမရှိသလို စံချိန်စံနှုန်းတွေ လိုက်နာတာလည်း မရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013