ရန်ကုန်မှာ စည်းကမ်းချက်တွေ အများအပြား ပါဝင်တဲ့ စာအုပ်တွေနဲ့သာ ဧည့်စာရင်းပေးတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှာ ရပ်ကွက်ရုံးအလိုက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ဧည့်စာရင်းစာအုပ်တွေ ပြုလုပ်ပေးနေပြီး ယခင်က ဗလာစာအုပ်နဲ့ တိုင်တန်းရတဲ့ ဧည့်စာရင်းစာအုပ်တွေကို ပယ်ဖျက်လိုက်သလို ဧည့်စာရင်းတိုင်ခတွေကိုလည်း တိုးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
အင်းစိန်မြို့နယ်မှာ နေသူတယောက်က “ဧည့်စာရင်းစာအုပ်တွေ လဲကြပါဆိုပြီး ကြေညာတာမျိုးမရှိဘဲ ဧည့်စာရင်းတိုင်တဲ့နေ့ကျမှ စာအုပ်ပြောင်းလိုက်ပြီ။ တအုပ်ကို ၁၀၀၀ နဲ့ စာအုပ်လုပ်ရတယ်။ ဧည့်စာရင်းတိုင်ခက တခါတိုင်ရင် ၅၀၀ ပေးရတယ်” လို့ ပြောပါတယ်။
ရပ်ကွက်အလိုက်ထုတ်ပေးနေတဲ့ ဧည့်စာရင်းစာအုပ်တွေမှာ အိမ်ရှင်/အိမ်ငှား သတ်မှတ်ချက်တွေလည်းပါဝင်ပြီး အိမ်ထောင်စုတခုမှာ ပါဝင်သူတဦးတယောက်ခြင်းစီရဲ့ ကိုယ်ရေးအကျဉ်းတွေကိုလည်း ဖော်ပြပေးထားရပါတယ်။
ဧည့်စာရင်းစာအုပ်တွေ ပျောက်ဆုံး၊ ပျက်စီးရင်လည်း သတ်မှတ်ဒဏ်ကြေးပေးပြီး ပြန်လည်လုပ်ဆောင်ရမှာဖြစ်သလို ဧည့်စာရင်းစာအုပ်မှာ ပါတဲ့အချက်တွေကို မလိုက်နာရင်လည်း အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။
“တမြို့နယ် နဲ့ တမြို့နယ်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကမတူဘူး။ တချို့မြို့နယ်တွေက စည်းကမ်းသတ်မှတ်ချက်တွေ ပိုများတယ်။ အိမ်ငှားဆိုရင် အိမ်ရှင်၊ ရာအိမ်မှူးတွေက လက်မှတ်ထိုးပေးရတယ်။ မိသားစုဓာတ်ပုံတွေပေးရတယ်။ တချို့ရပ်ကွက်တွေကျတော့ ဓာတ်ပုံမပေးရဘူး” လို့ မြောက်ဥက္ကလာမှာနေသူတယောက်က ပြောပါတယ်။
လက်ရှိရန်ကုန်မှာ ဧည့်စာရင်းကို အုပ်ချုပ်ရေးမှူးရုံးတွေက နှစ်ပတ်တခါ တိုင်ခွင့်ပေးနေပြီး ဧည့်စာရင်းတခါတိုင်ရင် ယခင်က ကျပ် ၂၀၀၊ ရက်ကျော်ပါက ကျပ် ၁၀၀၀ ပေးနေရပြီး အခုအခါ ဧည့်စာရင်းတခါတိုင်ရင် ကျပ် ၅၀၀ ပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
ဒါ့အပြင် လက်ရှိပြုလုပ်ပေးထားတဲ့ ဧည့်စာရင်းစာအုပ်တွေ ကုန်သွားရင်လည်း စာအုပ်အသစ်အတွက် ကျပ် ၁၅၀၀ ပေးသွင်းပြီး ပြုလုပ်လို့ရမယ်လို့ သိရပါတယ်။