Home
မြန်မာသတင်း
ရန်ကုန်တွင် တိုက်ခန်းငှားခများ  ၂ ဆနီးပါးဈေးတက်၊ စစ်ဘေးရှောင်များ ငှားရခက်ခဲ
DVB
·
October 12, 2024

ရန်ကုန်မှာ တိုက်ခန်းငှားခတွေ ဈေးတက်နေပြီး ရခိုင်ပြည်နယ်က မိသားစုလိုက် စစ်ရှောင်လာသူတွေဆိုရင် တိုက်ခန်းငှားရတာ ခက်ခဲတယ်လို့ ကာကယံရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းကစလို့ မြန်မာနိုင်ငံနေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ရာ ဒေသတွေကနေ ပြည်သူတွေ နေရပ်စွန့်ခွာပြီး ရန်ကုန်ကို မိသားစုလိုက် ပြောင်းရွှေ့လာကြတာတွေ ရှိပါတယ်။

၂၀၂၄ ဧပြီလကနေ ဇူလိုင်လအတွင်း ရန်ကုန်မြို့ကို ရှမ်းမြောက်အပါအဝင် ရခိုင်ပြည်နယ်ဘက်ကနေ စစ်ဘေးရှောင် ပြောင်းရွှေ့လာသူတွေ မြင့်တက်လာခဲ့တာပါ။

အဲဒီလို ပြောင်းရွှေ့လာသူတွေ များလာတာနဲ့အမျှ ရန်ကုန်မြို့က တိုက်ခန်းငှားခတွေကလည်း မြင်တက်နေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဘက်က မိသားစုလိုက် စစ်ဘေးရှောင် ပြောင်းရွှေ့လာသူတွေဆိုရင် အခန်းငှားရ ခက်ခဲတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ စစ်ရှောင်လာသူတယောက်က “ညီမတို့ မိသားစုမှာ ကလေးက ၃ ယောက် ပါတယ်။ တခြား မိသားစုတွေကလည်း ပါသေးတာဆိုတော့ ကလေး ၃ ယောက် ပါတာကြောင့် မငှားဘူးလို့ တိုက်ခန်းပိုင်ရှင်တွေက ပြောတယ်။ ပြီးတော့ မိသားစု ၅ ယောက်ထက် ပိုမနေရဘူးပေါ့။ ငှားမယ်ဆို ဒီမှာ ၅ ယောက်ပဲ နေရမယ်၊ ၅ ယောက်ထက် ပိုမနေရဘူးလို့ ပြောကြတယ်။ တိုက်ခန်းရှာရတာ ခက်တယ်။ လူကြီးတွေ ပါတယ်ဆိုတော့ ကိုယ်က အပေါ်တက်လို့ မရဘူး မြေညီထပ်မှာ နေမယ်ဆိုတော့ ငှားမရဘူး။ တိုက်ခန်းကတော့ လက်ရှိ သင်္ဃန်းကျွန်းမြို့နယ် တဝိုက်မှာ ငှားတာ။ တခြား မြို့နယ်တွေလည်း အဲ့လိုပဲ ကလေးပါရင် မငှားဘူး။ မိသားစုများရင် မငှားဘူး။ ပြီးတော့ တိုက်ခန်းခတွေလည်း အရင်ကထက် ဈေးပိုပေးပြီး နေရတယ်။ အခု ငှားနေတဲ့ တိုက်ခန်းဆိုရင် ၄ သိန်း၊ နောက်လအတွက် စာချုပ် ချုပ်မယ်ဆိုရင် ၅ သိန်း ပေးရမယ် ပြောတယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာအတွင်း ရန်ကုန်မှာ တိုက်ခန်းငှားခဈေးနှုန်းတွေ ၂ ဆ နီးပါး မြင့်တက်လာသလို ကွန်ဒိုတိုက်ခန်းအရောင်းဈေးကွက်လည်း မြင့်တက်လာတယ်လို့ တိုက်ခန်းအငှားအရောင်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ တိုက်ခန်းငှားခတွေက ပုံမှန် ၁ သိန်းခွဲ၊ ၂ သိန်း ဝန်းကျင်ကနေ ၄ သိန်း၊ ၅ သိန်းအထိ ဈေးတက်လာပြီး၊ အမြင့်ဆုံးဈေး ၁၁ သိန်း၊ ၁၂ သိန်းတန်လောက်အထိ အစားအစားရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အောက်တိုဘာလ ပထမပတ်ကစတင်ကာ ဒေါ်လာဈေး၊‌ ရွှေဈေး ကျဆင်းနေပေမဲ့ ရန်ကုန် တိုက်ခန်းငှားခတွေနဲ့ ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းမသွားဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန် ကွန်ဒို တိုက်ခန်း ငှားရမ်းသူ ကိုဟိန်းက “ဘာပဲပြောပြော ရန်ကုန်က တခြားဒေသထက်စာရင် နည်းနည်း တည်ငြိမ်သေးတဲ့ အနေအထား ဖြစ်နေ‌တော့ တော်တော်များများက ပြောင်းရွှေ့လာကြတယ်။ ဆိုတော့ ဒီလက်ခံနိုင်တဲ့ ဈေးကွက်အနေအထားအရ ဝင်လာတဲ့ လူဦးရေကလည်း တော်တော်များလာတော့ သူတို့အနေနဲ့ အိမ်ရှာရလည်း တော်တော်ခက်လာတယ်။ နောက်တခုကကျတော့ ဒီကုန်ဈေးနှုန်းရော၊ အစစအရာရာ ဈေးကြီးနေတဲ့အပြင် အိမ်ငှားတဲ့သူတွေကလည်း အရမ်းများလာကတော့ ငှားခတွေက သိသိသာသာကြီးကို ဈေးတက်လာတယ်။ အရင်က ၂ သိန်းလောက်နဲ့ ငှားနေတာဆိုရင် ၄ သိန်းလောက် တောင်းတယ်။ ၄ သိန်းငှားတာတွေ ၅ သိန်းလောက် ဖြစ်လာတယ်။ ရှေ့က ပြောခဲ့သလိုပဲ အိမ်ငှားခတွေက ဈေးတက်နေတယ်။ နောက်ထပ်လည်း တက်လာမယ့် သဘောရှိတယ်”လို့ ပြောပါတယ်။

ပြည်တွင်းမှာ တိုက်ပွဲ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာကာ ပြောင်းရွှေ့နေထိုင်သူတွေ ပိုများလာပြီး ရန်ကုန်မြို့က အိမ်နဲ့တိုက်ခန်း အငှားဈေးကွက်အပေါ်မှာလည်း သက်ရောက်မှု ရှိနေတယ်လို့ ရန်ကုန် တိုက်ခန်း အရောင်းအဝယ် အငှားလုပ်ကိုင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ရန်ကုန်ကို စစ်ဘေးတိမ်းရှောင်လာသူတွေဟာ ရန်ကုန်မှာ တိုက်ခန်း ငှားရမ်းခတွေ ဈေးတက်လာတာကြောင့် နေရပ်ပြန်သွားကြတာတွေ ရှိတယ်လို့ စုံစမ်း သိရပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013