Home
မြန်မာသတင်း
မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ၊ လေယာဉ်ဂိုဒေါင် ထိမှန်ပျက်စီး
DVB
·
October 10, 2024
Photo - Civilian Military-SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း

ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၉ ရက် ည ၇ နာရီ၀န်းကျင်မှာ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military–SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းကနေ သိရပါတယ်။

Civilian Military–SRDF ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာမှာ K-8W အမောင်းသင် လေယာဉ်ဂိုဒေါင်ပေါ်ကို ၁ လုံးကျတယ်။ ခြံစည်းရိုးပေါ်ကို ၁ လုံးကျတယ်ဗျ။ ရှော့တိုက်ဒုံးတွေ သူတို့ထဲကိုကျပြီးပေါက်တော့ တာ၀ါတွေပေါ်က ဆလိုက်တွေထိုးပြီး ရှာတယ်။ လက်နက်ကြီးတွေနဲ့လည်း ပြန်ပစ်တယ်”လို့ ပြောပါတယ်။

ရှော့တိုက်ဒုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် K-8W အမောင်းသင် လေယာဉ်ဂိုဒေါင် ထိမှန်ပျက်စီးသွားတယ်လို့သိရပေမဲ့အသေးစိတ်ကို ထပ်မံစုံစမ်းနေတယ်လို့ ဆိုပါတယ်။

“အသေးစိတ်သိရဖို့ကတော့ စုံစမ်းနေပါတယ်။ အခုမစ်ရှင်ဟာ မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ရဲဘော်တွေနဲ့ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ ဆုံးသွားခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း စစ်ကောင်စီတပ်ရဲ့စစ်ရေးပစ်မှတ်တွေကို အခွင့်သာရင်သာသလို တိုက်ခိုက်သွားမှာပါ”လို့  DVB ကို ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို အထူးစစ်ဆင်ရေးဌာန (မြို့ပြပျောက်ကျားနှင့်မြို့ပြစစ်ဆင်ရေး) (Special Operation Department - Urban Guerrilla & Urban Operation) ရဲ့ခွင့်ပြုချက်နဲ့ Civillian Military–SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းနဲ့အတူ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက် ည ၇ နာရီ၀န်းကျင်မှာ မှော်ဘီလေတပ်စခန်းအတွင်းက  ပေါက်ကွဲ ပစ်ခတ်သံတွေ ကြားရတယ်လို့ မှော်ဘီမြို့ခံတွေက ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်း ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် လေတပ်အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013