Home
မြန်မာသတင်း
ရန်ကုန်တွင် စားအုန်းဆီကို လက်သိပ်ထိုးရောင်းချမှုများ ရှိနေ
DVB
·
October 7, 2024

ရန်ကုန်မြို့မှာ စားအုန်းဆီရောင်းချခွင့် ရရှိထားသူတွေဟာ ပြည်သူတွေကို ခွဲတမ်းအတိုင်း မရောင်းဘဲ လက်သိပ်ထိုး ရောင်းချနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ စားအုန်းဆီဝယ်ယူခွင့်ကို စာအုပ်တွေ ပြုလုပ်ပြီး အရင် သမဝါယမစနစ်လို ရောင်းချနေပေမဲ့ ဆီရောင်းချခွင့်ရသူတွေဟာ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ တခြား အကြော်အလှော်ဆိုင် စတဲ့ ဆီများများအသုံးပြုရသူတွေကို ပိဿာအလိုက် ရောင်းချနေကြတာကြောင့် ရပ်ကွက်နေပြည်သူတွေ ခွဲတမ်းအတိုင်း အပြည့်အဝ မရကြဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်၊ ကန္နားအလယ်ရပ်ကွက်မှာ ဆီတန်းစီဝယ်ယူနေရသူတယောက်က “ထမင်းဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ဆိုရင် ဆီကို ပိဿာအလိုက်ရဖို့ အုပ်ကြီးတွေ၊ ဆီရောင်းသူတွေနဲ့ ပေါင်းထားပြီး ဝယ်ကြတာ။ တန်းစီစရာမလိုဘူး။ ဘယ်အချိန်လောက် လာယူဆိုပြီး ဖုန်းဆက်လိုက်တာပဲ။ တန်းစီဝယ်တဲ့သူတွေကျတော့ အစိတ်သားရတဲ့သူကရ၊ ငါးဆယ်သား ရတဲ့သူကလည်း ၁၀ သား၊ ၅ ကျပ်သား လျော့တာတွေ ဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဆီဈေးနှုန်းတွေမတက်ဖို့နဲ့ ဈေးကစားတာတွေမဖြစ်ဖို့ စာအုပ်နဲ့ တန်းစီဝယ်ယူခွင့် လုပ်ဆောင်ပေမဲ့ လက်ရှိမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆီတန်းစီဝယ်ပြီး ပြန်လာသူတွေထံက အမြတ်ပေးပြီး ပြန်လည်ဝယ်ယူ ရောင်းချနေတာတွေကြောင့် ဆီဈေးနှုန်းဟာ ပြင်ပပေါက်ဈေးနဲ့ သိပ်မကွာဘူးလို့ ရန်ကုန်မြို့ခံ ပြည်သူတွေထံက သိရပါတယ်။

ဒလမြို့နယ်မှာ နေထိုင်သူတယောက်ကလည်း “မနက်အစောကြီး ဆီတန်းစီတဲ့သူတွေက စီတယ်။ ဆီရသူတွေဆီက ဆီပြန်ကောက်တဲ့သူတွေက သူတို့ပြန်လာမယ့်လမ်းမှာ အဆင်သင့်စောင့်ပြီး ပြန်ကောက်နေတာတွေလည်း ရှိတယ်။ ဆီက မနက်ပိုင်းတပိုင်းနဲ့တင် ကုန်တာ။ ရပ်ကွက်တခုမှာ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာနဲ့ တဦးကို ဆီဘယ်လောက်ပေးရမယ် ဆိုတာ တွက်ပြီးချပေးရင် ရပ်ကွက်က လူအားလုံးရတယ်။ အခုက အဂတိလိုက်စားတာတွေရှိလို့ လူစေ့မရဘဲ ဖြစ်နေကြတာ။ ထမင်းဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ ပိဿာအလိုက် ရနေတာတွေက အဲဒီသဘောပဲ” လို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက်ကနေ ၁၃ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံ လက်ကား ရည်ညွှန်းဈေးအဖြစ် တပိဿာကို ၆,၄၅၅ ကျပ် သတ်မှတ်ထားပါတယ်။

ဒီသတ်မှတ်ချက်အတိုင်း မရောင်းဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ တပိဿာကို ကျပ် ၇,၀၀၀ အထက်နဲ့ ဝယ်ယူနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013