ရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေမှာ ထီးတပ်ဆင်ထားတဲ့ ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီ ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ကယ်ရီဆွဲသူတွေက ပြောပါတယ်။
ရန်ကုန်မြို့က ဘေးတွဲဆိုင်ကယ်တွေဟာ ခေါက်တို ပစ္စည်းတင်ဆောင်တာနဲ့ ခရီးသည်ပို့ဆောင်ပေးရာမှာ အသုံးဝင်နေပေမဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက နည်းပေါင်းစုံနဲ့ ခြိမ်းခြောက်ငွေတောင်းခံနေပါတယ်။
ဘေးတွဲမောင်းနှင်သူတယောက်က “ မိုးတွင်းဘက် ထီးတပ်ပြီး မောင်းတာပါဆိုလည်း မရဘူး။ ထီးဆို အရိုးတပ်ထားတဲ့ဟာလည်း မရဘူး။ တချို့အသေတပ်ထားတဲ့ဟာတွေလည်း မရဘူး။ အရင်က ဘေးတွဲမောင်းရင် ဦးထုပ်မလိုဘူး။ အခု သူတို့တားလို့ ရပ်ပေးလိုက်ရရင် ပိုက်ဆံမပေးမချင်းကို နည်းပေါင်းစုံနဲ့ တခုပြီး တခု စစ်ပြီး ပိုက်ဆံတောင်းတာ ရဲတွေချည်းပဲ။ ဂိတ်မှာ စစ်သားတွေလည်းရှိတယ် သူတို့က မတောင်းဘူး။ ရဲက ဆိုင်ကယ်တားပြီးရင် သော့တောင်းတယ်။ သော့ကို မယူထားဘူး စစ်သားတွေကို သွားအပ်တာ။ ဖမ်းလို့ ပြန်မရွေးရင် အဆုံးပဲ”လို့ ပြောပါတယ်။
ဒီဖမ်းဆီးမှုတွေကို ၂၀၂၄ စက်တင်ဘာလနောက်ဆုံးအပတ်က စတင်နေတာဖြစ်ပြီး ထီးတပ်ဆင်ထားပါက ငွေဒဏ် ၃၀၀၀၀ ကျပ်၊ နောက်ကြည့်မှန် မပါက ငွေဒဏ် ၂၀၀၀၀ ကျပ်နဲ့ ကယ်ရီအင်္ကျီမဝတ်ဆင်ထားတာနဲ့ ဆိုင်ကယ်ဦးထုပ် မဆောင်းပါက ငွေဒဏ် ၅၀၀၀၀ ကျပ်အထိ ဒဏ်ရိုက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံတဦးက “ဆိုက္ကားတွေ ရှိသေးတယ်။ ဘေးတွဲက ပိုမြန်တယ်။ ပိုတင်နိုင်တော့ ဘေးတွဲပဲ ငှားလိုက်တာ များတယ်။ ပိုက်ဆံက ဒီဈေးပဲ ပေးရတာ။ ထီးတွေ ဖြုတ်ခိုင်းထားတော့ စီးတဲ့သူရော မောင်းတဲ့သူရော အကုန်ရွှဲတာပဲ။ အခု ရက်ပိုင်း ပိုဖမ်းလာတယ် ဈေးလမ်းဆုံတို့ ပွိုင့်ထိပ်တို့ဆို လမ်းပိတ်ပြီးကို ဖမ်းတာ။ မနက် ၇ နာရီလောက်ကနေ ဈေးသိမ်းချိန်အထိ ဖမ်းတာ”လို့ ပြောပါတယ်။
ဘေးတွဲဆိုင်ကယ်တွေကို အကြောင်းမျိုးစုံပြပြီး ဖမ်းဆီး ငွေညှစ်နေသလို စစ်ကောင်စီအတွက် လူဦးရေစာရင်းကောက်ယူရာမှာ လူအင်အားပါဝင်ဖို့နဲ့ ကင်းစောင့်ဖို့အတွက် တရပ်ကွက် ၁၀ ဦးနှုန်းနဲ့ ဘေးတွဲမောင်းသူစာရင်း ပေးထားရတယ်လို့ သိရပါတယ်။