Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
September 30, 2024
Photo-Reuters

အကျဉ်းကျနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ PTI ပါတီကို ထောက်ခံသူတွေကို ရာဝယ်ပင်ဒီမြို့ဆီ မရောက်လာအောင် တားဖို့ စက်တင်ဘာ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က လမ်းတွေကို ပိတ်ထားတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

စနေနေ့မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ အင်မရန်ခန်းက သူ့ပါတီကို တောင်းဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို တိုက်ခိုက်တယ်လို့ PTI ပါတီက ရဲတပ်ဖွဲ့ကို စွပ်စွဲရင်း ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဇယ်ဖီဘူကာရီက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မပြောခဲ့ပါဘူး။ အင်မရန်ခန်းကို ထောက်ခံသူတွေ ထောင်နဲ့ချီ စုဝေးပြီး လာဟိုးမြို့ အရှေ့ဘက်ဆင်ခြေဖုံးမှာ စက်တင်ဘာ ၂၁ ရက်ကလည်း ဆန္ဒပြခဲ့ပါသေးတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ခရစ်ကတ်ကြယ်ပွင့်ဟောင်းဟာ  သြဇာကြီးတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ လမ်းခွဲပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချခံရပြီးကတည်းက ထောင်ထဲမှာ တနှစ်ကျော် နေခဲ့ရပါတယ်။

ဒါကြောင့် လူပေါင်း ၂၄၁ သန်းရှိတဲ့ ပါကစ္စတန်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်အကွက်ရွှေ့ထားတာတွေလို့ ခန်းက စစ်တပ်ကို စွပ်စွဲထားပြီး ဒီစွဲချက်ကို စစ်တပ်က ငြင်းဆိုထားပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ၇၇ နှစ်ကြာ လွတ်လပ်ရေး သမိုင်းတဝက်ကျော်ကို အုပ်စိုးခဲ့တဲ့ စစ်တပ်ဟာ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှု နယ်ပယ်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013