ရဲဝတ်စုံ မဝတ်ထားတဲ့အပြင် တရားဝင် အထောက်အထားမပါတဲ့ ကင်ညာရဲတွေဟာ နိုင်ရိုဘီမြို့တော်က လွှတ်တော်ဝင်းထဲမှာ ဆန္ဒပြသူတွေကို ဇွန် ၂၅ ရက်က ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က စက်တင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
အဲဒီနေ့က ရဲကားအဖြစ် သတ်မှတ်ချက်မပါတဲ့ ကားတွေ၊ သတ်မှတ်ဝတ်စုံနဲ့ အမှတ်တံဆိပ် မပါတဲ့ ရဲအရာရှိတွေကိုသုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ရင်း တခြားလူတွေကို ဖမ်းဆီးတာတွေ တက်တက်ကြွကြွလုပ်ခဲ့တယ်လို့ AI ရဲ့ ကင်ညာဆိုင်ရာ ဒါရိုက်တာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ဖြစ်ရပ်တွေကို ပြန်တည်ဆောက်ထားတဲ့ အချက်အလက် အသေးစိတ်ပါတဲ့ အစီရင်ခံစာကိုလည်း AI အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါဇင်ချီတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို သုံးသပ်ပြီး မျက်မြင်သက်သေ ၂၃ ယောက်ကို လူတွေ့ မေးမြန်းချက်အပေါ် အခြေခံပြီး ဖြစ်စဉ်တွေကို တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
ရဲတွေနဲ့အတူ လမ်းလျှောက်ရင်း လက်နက်တွေကိုင်ထားတဲ့ အရပ်ဝတ်နဲ့ ယောက်ျားအုပ်လိုက်တွေကို ဓာတ်ပုံတွေက ပြသနေပါတယ်။
အဲဒီနေ့က ကင်ညာရဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့သူတွေကို မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ဥပဒေမဲ့ ပစ်ခတ်ရိုက်နှက်ခဲ့ပြီး တရားလက်လွတ် ဖမ်းဆီးခဲ့တယ်၊ အဲဒီအချိန်မှာ ဆန္ဒပြသူတချို့က အရာရှိတွေကို မျက်ရည်ယိုဓာတ်ငွေ့ ဘူးခွံတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ပြတင်းမှန်တွေကို ခွဲခဲ့တယ်လို့ AI က ပြောပါတယ်။
ကင်ညာမှာ ဘဏ္ဍာရေးဥပဒေမူကြမ်းအပေါ် အငြင်းပွားရင်း လချီဆန္ဒပြပွဲတွေအတွင်း လူအယောက် ၅၀ ကျော် သေဆုံးခဲ့တာပါ။
၂၀၂၂ မှာ အာဏာရလာတဲ့ သမ္မတ ဝီလျံရူတိုရဲ့ အကြီးဆုံး အကျပ်အတည်း ဖြစ်ခဲ့ပြီး ဇွန်လမှာတော့ ရူတိုက ဥပဒေကို ဖျက်သိမ်းခဲ့ပြီး သူ့အစိုးရ တဖွဲ့လုံးနီးပါးကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။
Source-Reuters