ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ ကျန်းမာရေးဌာနက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးလိုက်တိုက်နေပေမဲ့ ပြည်သူအများအစုက အယုံအကြည်မရှိတာကြောင့် လက်ခံသောက်သုံးသူ နည်းတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျန်းမာရေးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်အဖွဲ့ဝင်တွေက လူစည်ကားရာစျေးတွေ၊ ရပ်ကွက်လမ်းတွေ အလိုက် သွားရောက်ပြီး ကာကွယ်ဆေးတိုက်နေတာဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတယောက်က "ဒီဆေးအပြင်ဝယ်လို့ မရဘူး။ သောက်ဆိုပြီး လိုက်တိုက်နေတာ။ တချို့တလေလောက်ပဲ အလကားရလို့သောက်တာရှိတယ်။ အများစုက မသောက်ပါဘူး။ လမ်းလူကြီးတွေက လာသောက်ကြဖို့ အော်ခေါ်တယ်။ သူတို့ကို အယုံကြည် မရှိတော့ ဆေးကောင်းရင်တောင် စိတ်မဝင်စားကြဘူး"လို့ ပြောပါတယ်။
အဲဒီဝမ်းပျက်၊ ဝမ်းလျှောကာကွယ်ဆေးကို ကြိုတင်အသိ ပေးတာမရှိဘဲ လိုက်တိုက်နေတာ ဖြစ်တယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ မိုးအစောပိုင်းကာလကမြို့နယ်တချို့မှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကူးစက်မှုတွေ ရှိခဲ့တာကြောင့် လမ်းဘေးအစား အသောက်ရောင်းတဲ့ဆိုင်တွေကို ပိတ်ခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာ ကျန်းမာရေးဌာနက ကာကွယ်ဆေးလိုက်တိုက်နေသလို စစ်ကောင်စီက အပိုင်းအလိုက် လူဦးရေသန်းခေါင်စာရင်းကောက်ယူတာတွေ လုပ်နေပါတယ်။