မီတာခတွေတိုးကောက်ပြီးနောက် ရန်ကုန်မှာ တရက်ကို မီး ၈ နာရီပြတ်တော့မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ပါတယ်။
အနောက်ပိုင်းခရိုင်မှာပါတဲ့ မြို့နယ် ၁၃ ခုကလွဲပြီး ကျန်တဲ့ ၄၄ မြို့မှာ စက်တင်ဘာ ၂၈ ရက် ဒီနေ့ကစလို့ တရက်ကို ၈ နာရီပြတ်မယ်လို့ ကြေညာလိုက်တာပါ။
ရန်ကင်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးရုံးက ‘၁ အုပ်စုက ၅ နာရီလာ၊ ၉ နာရီပျက်၊ ၁ နာရီပြန်လာ ၅ နာရီပျက်၊ ၉ နာရီကနေ မနက်ထိပြန်လာမယ်ဗျာ၊ နောက်တအုပ်စုက ပထမအုပ်စု ပျက်ချိန်ကို လာမယ်၊ လာချိန်ကို ပျက်မယ်ပေါ့၊ အဲသလိုပါခင်ဗျ။ လက်ရှိ ကြေငြာချက်အရဆိုရင်တော့ ၄ နာရီစီ ၂ ခါပျက်ပါလိမ့်မယ်” လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောဆိုထားပါတယ်။
အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်တို့မှာ မနက် ၅ နာရီကနေ ၉ နာရီ၊ ၉ နာရီကနေ မွန်းလွဲ ၁ နာရီ၊ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ အလှည့်ကျ ပြတ်မှာဖြစ်ပြီး အနောက်ပိုင်းခရိုင်ကလွဲလို့ တခြားခရိုင်တွေမှာတော့ ညနေ ၅ နာရီကနေ ည ၉ နာရီအထိ အလှည့်ကျ ပြတ်ဦးမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့နေတယောက်က “အခုလည်း ပြတ်ချင်တိုင်းပြတ်နေတာ။ ဟိုနေ့ကဆို မနက် ၂ နာရီကျော်မှာ ပြတ်သွားသေးတယ်။ ဘာပဲပြောပြောခုက ပိုပြတ်လာမယ်လို့ပဲ ထင်တယ်။ မိုးကုန်တာနဲ့ ဒါမျိုးက ဖြစ်လာတာပဲ” လို့ ပြောပါတယ်။
မီးပြတ်ချိန်လျော့တဲ့ အနောက်ပိုင်းခရိုင်ထဲမှာ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ ဒဂုံနဲ့ အေးရွာတို့ ပါဝင်ပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာ ၁ ရက်ကစလို့ မီတာခတွေကို ၂ ဆခွဲလောက်အထိ တိုးမြှင့်ခဲ့ပါသေးတယ်။