Home
မြန်မာသတင်း
အိမ်ငှားခ မတတ်နိုင်သဖြင့် ရန်ကုန် မြို့ပတ်ရထားလမ်းတလျှောက် နေထိုင်သူ ပိုများလာ
DVB
·
October 8, 2024

ရန်ကုန်မြို့မှာ အိမ်ငှားခဈေး အဆမတန် ကြီးမားလာတာ‌ကြောင့် အိမ်ငှားခ မတတ်နိုင်သူတွေဟာ မြို့ပတ်ရထားလမ်းတလျှောက်မှာ နေထိုင်မှု ပိုမိုများပြားလာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မြို့ပတ်ရထားလမ်းပိုင်းမှာ ရထားဘူတာ ၃၉ ဘူတာအထိ ရှိနေပြီး ရန်ကုန်ဘူတာကြီး- ပုဇွန်တောင်-မင်္ဂလာဒုံ-တညင်းကုန်း သွားတဲ့ ရထားလမ်းတလျှောက်က ယာယီတဲတွေ၊ မြေစိုက်အိမ်တွေဟာ ရထားလမ်းနဲ့ ၁၀ ပေအကွာအထိလောက် ရောက်နေပြီလို့ သိရပါတယ်။

ရန်ကုန်မြို့ခံတယောက်က “အိမ်ငှားခက ၁၀ ပေ ၁၅ ပေခန်း လုံးချင်းကို ၁ သိန်းခွဲ၊ ၂ သိန်း ဖြစ်နေပြီ။ တိုက်ခန်းဆို အလွှာမြင့်ရင် လချင်းပေး ၃ သိန်း၊ ခြောက်လချုပ်ဆို ၂ သိန်းခွဲ။ အခန်းတွဲတွေ အဆောင်တွေဆို ဈေးတော့ ၉ သောင်းလောက်ပဲ ရှိတယ်။ လူ ၃ ယောက်ထက် ပိုမငှားကြဘူး။ ကလေးတွေ ဘာတွေ ပါလာရင် အခန်းတွဲတွေကလည်း မငှား၊ လုံးချင်းကလည်း မနိုင်ကြတော့ လွတ်တဲ့နေရာတွေမှာ အိမ်ဆောက်နေကြတာ။ သွပ်မိုး သွပ်ကာလေးတွေ၊ တချို့ကလည်း တာလပတ် (တာပေါ်လင်) မိုးပြီး နေကြတယ်။ ရထားလမ်းနဲ့တောင် သိပ်မကွာတော့ဘူး။ ကလေးတွေပါရင် အန္တရာယ်တော့ သိပ်မကင်းဘူး” လို့ ပြောပါတယ်။

ရထားဘူတာရုံပိုင်နက်အဖြစ် ရထားလမ်းတဖက်စီကို ကိုက် ၅၀ အထိ သတ်မှတ်ထားတယ်လို့ သိရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၉ လောက်ကတည်းက ဂျပန်နိုင်ငံ JICA အဖွဲ့ အကူအညီနဲ့ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဘူတာရုံဝန်ထမ်းတယောက်က “ဟိုးအရင်တုန်းကလည်း ရှိဖူးတယ်။ ဒီလောက်အထိ မများလာဘူး။ ဝန်ထမ်းလိုင်းခန်းတွေ မဟုတ်ပါဘူး။ နေစရာ မရှိကြတဲ့သူတွေ တအိမ်စ နှစ်အိမ်စ လာနေရင်း မြင်တဲ့အတိုင်း များလာတာ။ ပလုံကောက်တဲ့သူတွေလည်း ပါတယ်။ လက်လုပ်လက်စားတွေလည်း ပါတယ်။ လောလောဆယ်အထိတော့ အခုဆွဲနေတဲ့ RBE တွဲ ရထားတွေနဲ့ တိုက်မိတာတို့ သေဆုံးတာတို့တော့ သိပ်မတွေ့ရသေးဘူး။ စပိန်တွဲတွေ ဆွဲရင်တော့ ဘယ်လို စီစဉ်ပေးမလဲ မသိရသေးဘူး” လို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ ရပ်တန့်ထားရတဲ့ စီမံကိန်းကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပြန်လည်လုပ်ဆောင်နေခဲ့သလို ၂၀၂၃ နဲ့ ၂၀၂၄ မှာ စပိန်နိုင်ငံထုတ် DEMU ရထားတွဲသစ် စုစုပေါင်းအစီး ၃၀ မှာယူထားပါတယ်။

အဲဒီထဲက ၁၁ စီးကို မြို့ပတ်ရထားလမ်းမှာ ထည့်သွင်းပြေးဆွဲမှာလို့ သိရတဲ့အပြင် ရထားအန္တရာယ် ကင်းရှင်းရေးအတွက် မြို့ပတ်ရထားလမ်းတလျှောက် တံတိုင်းကာလုပ်ငန်းတွေနဲ့ လူကူးခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ ရထားလမ်းတလျှောက် နေထိုင်သူတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013