ရန်ကုန်မြို့မှာ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း လျှပ်စစ်မီးပေးချိန် တိုးထားပြီး ပိတ်ရက်အလွန်မှာ မီးပိုဖြတ်မှာကို စိုးရိမ်ရတယ်လို့ ပြည်သူတချို့က ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုမှာ အောက်တိုဘာ ၁၆ ရက်ကစပြီး အလှည့်ကျ မီးဖြတ်တာမျိုးမရှိဘဲ လျှပ်စစ်မီး ဆက်တိုက်ရရှိနေတယ်လို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “ပိတ်ရက်မို့ထင်တယ်၊ မီးတွေ တောက်လျှောက်လာနေတယ်။ ကြားထဲပျက်ရင်လည်း မိနစ်ပိုင်းလောက်ပဲ။ ပိတ်ရက်ကျော်ရင်တော့ နဂိုအတိုင်း ပြန်ဖြတ်မလား၊ အစားထိုးပြီး ပိုဖြတ်မလား မပြောတတ်ဘူး” လို့ ပြောပါတယ်။
သီတင်းကျွတ်ရုံးပိတ်ရက်မှာ အောက်တိုဘာ ၁၆ ရက်ကနေ ၂၀ ရက်အထိ ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံတွေပါ ပိတ်ထားတာကြောင့် လျှပ်စစ်မီး ပိုလျှံနေတဲ့ အနေအထားဖြစ်လို့ လူနေရပ်ကွက်တွေကို မီးပိုပေးထားတာ ဖြစ်နိုင်တယ်လို့ ပြည်သူတချို့က ဆိုပါတယ်။
အခုလို လျှပ်စစ်မီးပိုပေးမယ်ဆိုပြီး မြို့နယ်လျှပ်စစ်ရုံးတွေကနေလည်း ကြိုအသိပေးထားတာ ရှိမနေဘူးလို့ သူတို့က ပြောပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်သူတယောက်က “ဒီမှာလည်း မီးမပျက်တာ နှစ်ရက်လောက်ရှိပြီ။ ရက်ကြီး ခါကြီးမို့လို့လား မပြောတတ်ဘူး။ ပိတ်ရက်ကျော်ရင်တော့ ဘယ်လိုလာမလဲ မသိဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင်က လျှပ်စစ်မီးပြတ်တောက်မှု မရှိသလောက် အခြေအနေ ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် မီးပျက်မှု ဆိုးရွားစွာ ကြုံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ရက်ရှည်ရုံးပိတ်ရက်ကလည်း လျှပ်စစ်မီးပိုရဖို့ ပြည်သူတွေ မျှော်လင့်ခဲ့ကြပေမဲ့ မီးလိုင်းပြုပြင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးပိုဖြတ်တာမျိုး ရှိခဲ့ပါတယ်။