Home
မြန်မာသတင်း
ရန်ကုန်-ပုသိမ်ကားလမ်းတွင် စစ်တပ်က အစစ်ဆေးတင်းကျပ်နေသဖြင့် ကားရာချီ ပိတ်မိနေ
DVB
·
October 16, 2024
Photo - HH + FA

သီတင်းကျွတ်ပိတ်ရက်မှာ နေရပ်ပြန်သူတွေ များတာကြောင့်နဲ့ စစ်ကောင်စီတပ်က အစစ်အဆေး တင်းကျပ်နေတာကြောင့် ရန်ကုန်-ပုသိမ်ကားလမ်း ဧရာဝတီတိုင်းအဝင်မှာ အောက်တိုဘာ ၁၅ ရက် မနက်ကစတင်ပြီး ကားတွေရာချီ လမ်းပိတ်ဆို့နေတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲအဝင် ညောင်တုန်းမြို့နယ် ပန်တိုင်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးရေးဂိတ်ချပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် ရပ်တန့်စစ်ဆေးခံရတဲ့ ကားအရေအတွက်များလို့ စစ်ဆေးတဲ့နေရာမှာ ကြန့်ကြာပြီး အခုလို ကားတွေ ပိတ်သွားတာလို့ ဆိုပါတယ်။

ကားသမားတယောက်က “ဒီမနက်ပိုင်း စပိတ်တာ၊ လှိုင်သာယာမြို့နယ် အလုပ်သမားဆေးရုံအနီးကနေ ညောင်တုန်းမြို့နယ် ပန်တိုင်စစ်ဆေးရေးဂိတ်အထိ ပိတ်မိနေတာ။ လှိုင်သာယာကနေ လာတာပါ။ ပန်တိုင်စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်က အဆမတန် စစ်ဆေးတင်းကျပ်တော့ ကားတွေကို စုထားသလိုဖြစ်ပြီး ပိတ်ဆို့ကုန်တာ” လို့ ပြောပါတယ်။

ရန်ကုန်-ပုသိမ်ကားလမ်းပေါ် ပန်တိုင်စစ်ဆေးရေးဂိတ်ကို ဖြတ်ကာ ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းထဲ လိုင်းကားတွေ၊ စုငှားလာတဲ့ စင်းလုံးကားတွေနဲ့  ပြန်လာတာ များတာကြောင့် စစ်ကောင်စီက မှတ်ပုံတင်နဲ့ ရပ်ကျေးထောက်ခံစာ၊ စမက်ကတ် စတဲ့ အထောက်အထားတွေကို စစ်ဆေးတာတွေကြောင့် ခုလို ကားတန်းရာနဲ့ချီ ပိတ်သွားတာလို့လည်း ဆိုပါတယ်။

ဧရာဝတီတိုင်းကို ပြန်လာတဲ့ ခရီးသွားတယောက်က “မနက်စောစောထွက်လာရင် အဆင်ပြေမယ်ထင်ပြီး ၄ နာရီလောက်ကတည်းက ကားစုငှားလာတာ။ ၁၁ နာရီအထိ အိမ်မရောက်သေးဘူး။ ဘိုကလေးဘက် ပြန်ရမှာပါ။ တယောက်ချင်းကို စစ်ဆေးနေတာ။ ထောက်ခံစာ စစ်တယ်၊ မှတ်ပုံတင်စစ်တယ်၊ စမက်ကတ် စစ်တယ်၊ ကိုဗစ်ကာကွယ်ဆေး မှတ်တမ်းစစ်တယ်။ ဒီလောက်မလိုပါဘူး။ ဒုက္ခအမျိုးမျိုးပေးနေတာ။ ကျမက မိသားစုဆီ ပိတ်ရက် ပြန်တာပါ။ ကမ်းခြေမှာ ပျော်ပါးဖို့ ပြန်တာမဟုတ်ဘူး။ အချိန်လည်း မပေးနိုင်ဘူးလေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ဒေသခံများစုက ရန်ကုန်တိုင်းထဲက လှိုင်သာယာနဲ့ ရွှေပြည်သာမှာရှိတဲ့ အလုပ်ရု၊ စက်ရုံတွေမှာ အများစု အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အခုလို သီတင်းကျွတ် အပါအဝင် အခါကြီး ရက်ကြီးတွေရဲ့ ပိတ်ရက်ရှည်တွေမှာ ဧရာဝတီတိုင်း နေရပ်ဇာတိကို ပြန်လာတဲ့သူတွေများတယ်လို့ သိရပါတယ်။

သီတင်းကျွတ် ပိတ်ရက်အတွက် ဧရာဝတီတိုင်းကို အလုပ်နားလို့ ပြန်လာတဲ့သူတွေများပေမဲ့ ချောင်းသာနဲ့ ငွေဆောင်မှာရှိတဲ့ တည်းခိုခန်းတွေအနေနဲ့ အရင်နှစ်တွေကလို ဘိုကင်တွေ မပြည့်သေးဘူးလို့ ဒေသခံ ဟိုတယ် ခရီးသွားလုပ်ငန်းရှင်တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024