တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လူသစ်စုဆောင်းခံရတဲ့ လူငယ် ၅ ယောက်က တပ်ရင်းအသီးသီးကနေ ထွက်ပြေးတိမ်းရှောင်လာပြီး လာရောက်ခိုလှုံခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။
မြိတ်မြို့၊ တိုက်/စည်း(ရွှေဒူး) တပ်ရင်းက တပ်သားတယောက်မှာ အသက် ၂၃ နှစ်အရွယ်ရှိ မြိတ်မြို့က လူငယ်တယောက်ဖြစ်ပြီး လုပ်အားခထုတ်ပြီး ညနေ ၅ နာရီခွဲခန့်မှာ နေအိမ်ပြန်လာချိန် မြို့သစ်ရပ်ကွက်ဘက်မှာ အရပ်ဝတ်လူတချို့က ဆိုင်ကယ် ၃ စီးနဲ့ လာခေါ်သွားတာလို့ ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ လူသစ်စုဆောင်းခံရပြီးတော့ တိုက်/စည်း(ရွှေဒူး)တပ်ကို ပို့ဆောင်ခံ လိုက်ရပြီး အောက်တိုဘာ ၁၁ ရက်မှာ ထွက်ပြေးလာတာလို့ ပြောပါတယ်။
ပြန်ကြားရေးတာဝန်ခံက “သူ့ကို စစ်မေးမလို့ ပြန်လွှတ်ပေးမယ်ပြောပြီး ခေါ်ဆောင်သွားတယ်။ နောက်တရက်မှာ ရွှေဒူးတပ်ကို ပို့လိုက်တယ်။ ရက် ၂ဝ လောက်ကြာတယ် ပြောတယ်။ အဲဒီမှာ အိမ်သာသွားမယ် ပြောပြီး ထွက်ပြေးလာတာ၊ ၂ ညဆက်တိုက် ပြေးလာရတယ်ပေါ့” လို့ ပြောပါတယ်။
တရက်တည်းမှာပဲ စစ်မှုထမ်းအပတ်စဥ် ၂ မှာ မဲပေါက်ပြီးနောက် မြန်မာပြည်အောက်ဘက် ကော့သောင်းမြို့နယ်အခြေစိုက် ခမရ ၄၃၁ တပ်ရင်း ပို့ဆောင်ခံရတဲ့ တပ်သား ၃ ယောက်လည်း မြိတ်ကကဖအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ပါတယ်။
သူတို့က ရှမ်းပြည်နယ် တောင်ကြီးမြို့က ၂ ယောက်နဲ့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့က တယောက်ဖြစ်ပြီး ခမရ ၄၃၁ တပ်ရင်းကတဆင့် မြိတ်မြို့ ခလရ ၁၀၃ တပ်ရင်းကို ရောက်သွားခဲ့ပြီးတော့ မြိတ်ပကဖအဖွဲ့နဲ့ ချိတ်ဆက်မိကာ လာရောက်ခိုလှုံခဲ့တာလို့ ပြောပါတယ်။
အလားတူ စစ်မှုထမ်း အပတ်စဥ် ၁ မှာ မဲပေါက်တဲ့ လူငယ်တယောက်လည်း မြိတ်မြို့နယ် တုံးဗျောကြီးစခန်းကို ပို့ဆောင်ခံရပြီးနောက် မြိတ်ပကဖအဖွဲ့နဲ့ ချိတ်ဆက်မိကာ ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး MA-2 တလက်၊ ဗုံးသီး ၂ လုံး၊ ကျည် ၁၈၄ တောင့်နဲ့အတူ လာရောက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
“တုံးဗျောကြီးစခန်းက တယောက်က ညကင်းစောင့်ရင်း ထွက်ပြေးလာတာပါ။ လက်နက်နဲ့ ထွက်လာတာပေါ့။ ကျန်တဲ့ ၃ ယောက်က မြို့ထဲမှာ WAVE MONEY ထုတ်မလို့ဆိုပြီး မဇောဘက်ကို သုံးဘီးငှားပြီး ထွက်လာတယ်။ မဇောရောက်တော့ အဖွဲ့နဲ့ ချိတ်ဆက်မိပြီး တခါတည်း ထွက်လာတာပါ။”
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကော့သောင်းမြို့နယ်၊ ခမောက်ကြီးရွာဘက်မှာ စစ်ကောင်စီတပ်ရင်းက ထွက်ပြေးလာသူလို့ ယူဆရသူ ၂ ယောက်ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးပစ်ခတ်ရင်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အပတ်စဥ် ၂ သင်တန်းဆင်းသူ လူငယ်တပ်သားမှာ တနင်္သာရီမြို့နယ်က ရှေ့တန်းစစ်မြေပြင်တနေရာကို ပို့ဆောင်ခံရပြီးနောက် လက်နက်တွေနဲ့တကွ ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ်ပကဖထံ လာရောက်ခိုလှုံခဲ့ပါသေးတယ်။