Home
မြန်မာသတင်း
တောင်ကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ
DVB
·
October 15, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါင်အင်း(ရွာသစ်)ကျေးရွာကို စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့နယ်၊ ပေါက်အင်း(ရွာသစ်)ကျေးရွာကို စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့တာလို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။

“ဘာတိုက်ပွဲမှာမဖြစ်ဘဲ စစ်ကောင်စီက ဂျက်ဖိုင်တာတစီးနဲ့ နှစ်ကြိမ်တိုင်တိုင် လာပစ်သွားတာ။ ဘုန်းကြီးကျောင်းအနီးကို ပစ်တာ။ ကျောင်းအနီးက အိမ်တွေမှာလည်း ကျပြီးတော့ ကျေးရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတဦး ထိခိုက်သွားတာ။ ကျေးရွာအတွင်းက အိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာလည်း ထိခိုက်ပျက်စီးသွားတာတွေရှိတယ်။”

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေမှာ ဒေါ်ခင်မြင့်ဝေ (၃၉ နှစ်)၊ ဦးလှထွန်းကျော် (၄၇ နှစ်)၊ ဒေါ်သန်းသန်းမြိုင် (၆၁ နှစ်) တို့ ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်မှု မရှိကြဘူးလို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေမှာ လေယာဉ်သံကြားရင် ကြောက်နေကြရတယ်လို့ နောက်ထပ် တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီမှာ အရပ်သားဆိုတာ မရှိတော့ဘူး။ လေကြောင်းကို လူသတ်လက်နက်အဖြစ် အသုံးပြုပြီး သူတို့သတ်ချင်တဲ့လူတွေကို သတ်ဖြတ်နေကြတာဖြစ်တယ်။ တောင်ကုတ်မှာဆိုရင်လည်း အရပ်သားရပ်ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် လေယာဉ်သံကြားရင်တောင် တော်တော်‌လေးကို ကြောက်နေကြပြီ။”

တောင်ကုတ်မြို့နယ်အတွင်းမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၆ ယောက်ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ စကခ ၅ အခြေစိုက်ထားပြီး အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ကောင်စီက နေ့တိုင်းဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013