ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကုတို့လေးကျေးရွာမှာ အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီစစ်ကြောင်းက ကျေးရွာသား ၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး နောက်ထပ် ကျေးရွာသားတယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။
“အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီးတော့ ကုတို့လေးကျေးရွာက သက်ကြီးပိုင်း အမျိုးသားတဦးနဲ့ သဗြုချောင်းကျေးရွာက လူငယ်တဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ နောက်ထပ် ကျေးရွာသားတဦးလည်း ဖမ်းဆီးခံရထားတယ်။ သေဆုံးသွားသူတွေက ငါးလုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ကြပြီး စာရင်းရှင်းနေကြတာမှာ စစ်ကောင်စီဝင်လာတာကြောင့် ထွက်ပြေးကြတာမှာ ပစ်သတ်ခံရတာ ဖြစ်တယ်။”
စစ်ကောင်စီစစ်ကြောင်းရဲ့ သတ်ဖြတ်ခံထားရသူတွေထဲမှာ ကုတို့လေးကျေးရွာက အသက် ၆၀ အရွယ် အမျိုးသားတယောက်၊ သဗြုချောင်းကျေးရွာက အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက်တို့ ဖြစ်ကြပြီး ဖမ်းဆီးခံထားရသူမှာ သဗြုချောင်းက ၄၀ အရွယ် အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။
ကုတို့လေးကျေးရွာအတွင်းကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ ကုလားပြင်ကျေးရွာက တပ်ဆုတ်ခဲ့ရတဲ့ စစ်ကြောင်းဖြစ်ပြီး ကုတို့လေးကျေးရွာအနီးက တောင်တန်းဘက်ကို တပ်ဆုတ်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောပါတယ်။
လက်ရှိမှာလည်း ကုတို့လေးကျေးရွာနဲ့ သဗြုချောင်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။
ဂွတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးတွေ များတာကြောင့် ထွက်ပြေးနေကြတဲ့ စစ်သားတွေလည်း အများအပြားရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကုတို့လေး၊ ကြွေချိုင်နဲ့ သဗြုချောင်းကျေးရွာ တွေက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြလို့ သိရပါတယ်။
ဂွမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ကျိန္တလီမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပါတယ်။