ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကနေ အမျိုးသမီးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အယောက် ၇၀ ကျော်ကို အောက်တိုဘာ ၁၄ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က ကား ၂ စီးနဲ့ ထောင်အပြင် ခေါ်ထုတ်သွားတယ်လို့ ပုသိမ်အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုသိမ်အကျဉ်းထောင်က အကျဉ်းထောင်မိသားစုဝင် တယောက်က “မနေ့က ခေါ်ထုတ်သွားတာလို့ သိရတယ်။ အရင်က ထောင်ပြောင်းမယ်ဆို ကြိုသိရတယ်။ အခုကျတော့ ကြိုမသိရဘဲ ရုတ်တရက် ခေါ်ထုတ်သွားတော့ စိုးရိမ်တာပေါ့။ အကျဉ်းသားတွေကို တခြားနေရာတွေမှာ စကစက အသုံးချနေတာကြောင့်လေ။ ဒီနေ့အထိ ဘာမှကို မသိသေးရတာ” လို့ ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲကနေ စစ်ကောင်စီတပ်နဲ့ ထောင်အာဏာပိုင်တွေက အပြင်ခေါ်ထုတ်သွားတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီးအကျဉ်းသားတွေနဲ့ သက်ကြီး အကျဉ်းသားတွေလည်း ပါတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “မနေ့ ၁၄ ရက် ည ၈ နာရီလောက်က ခေါ်ထုတ်သွားတာ။ စစ်ကောင်စီ အကျဉ်းဌာနနဲ့ စစ်ကောင်စီတပ်က ယုံစရာမရှိဘူး။ ဒီလို အကျဉ်းသားတွေကို တိတ်တဆိတ် ခိုးကြောင်ခိုးဝှက် ခေါ်ထုတ်သွားတာက သူတို့မှာ အကြံရှိမယ်။ ဘာလုပ်မှာလဲ ဆိုတာကို မပြတ်စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေ၊ အကြမ်းဖက်ဥပဒေ ပုဒ်မတွေနဲ့ မတရား ဖမ်းဆီးအကျဉ်းချခံထားရသူတွေ အများအပြား ရှိနေတာကြောင့် မိသားစုဝင်တွေက စိတ်ပူကာ လိုက်လံစုံစမ်းနေပြီး ဒီနေ့ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းအထိ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်ကလည်း ပုသိမ်အကျဉ်းထောင်ထဲကနေ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အယောက် ၄၀ ကျော်ကို ထောင်ပြောင်းတယ်လို့ ပြောကာ အကျဉ်းထောင်အပြင် ခေါ်ထုတ်သွားခဲ့ပါတယ်။
Photo - Htoo Htet