စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၉ ယောက် သေဆုံးပြီး အယောက် ၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ တောင်ကုတ်မြို့နယ်က ၁၈ ယောက်၊ ကျောက်တော်မြို့နယ်မှာ ၅ ယောက်၊ မောင်တောမြို့နယ်မှာ ၂ ယောက်၊ သံတွဲမြို့နယ်မှာ တယောက်နဲ့ ဂွမြို့နယ်မှာ ၃ ယောက်တို့ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ တောင်ကုတ်မြို့နယ်မှာ ၂၆ ယောက်၊ ကျောက်တော်မြို့နယ်မှာ ၂၄ ယောက်၊ မောင်တောမြို့နယ်မှာ ၃ ယောက်၊ ဂွမြို့နယ်မှာ ၃ ယောက်၊ ပေါက်တောမြို့နယ်မှာ ၂ ယောက်၊ သံတွဲမြို့နယ်မှာ တယောက်နဲ့ အမ်းမြို့နယ်မှာ တယောက်တို့ ဖြစ်ပါတယ်။
ရခိုင်မှာ လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူ ဆရာဝေဟင်အောင်က “နစက က တိုက်ပွဲတိုင်းကို ရှုံးနေတာကြောင့် သူ့ရဲ့လုပ်ရပ်က ပြည်သူတွေကို ရှုံးမဲမဲနေတာ ဖြစ်တယ်။ လက်နက်မဲ့ ပြည်သူတွေကို အလွယ်တကူသတ်ပြီးတော့ စစ်ပွဲကြီးတခုကို အောင်နိုင်သလိုမျိုး ဂုဏ်ယူဝံ့ကြွားနေတာဟာ ရွံစရာလုပ်ရပ်ဖြစ်တယ်။ ပြည်သူကိုသတ်ရမှ စားဝင်အိပ်ပျော်တဲ့ အဖွဲ့အစည်းတခုဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေနဲ့ နေအိမ်များစွာလည်း ပျက်စီးခဲ့ရပါတယ်။
ဒီကာလတွေမှာ ပြည်သူတွေအနေနဲ့ လူစုလူဝေးမလုပ်ကြဖို့၊ အထူးသတိထားနေထိုင်ကြဖို့ လိုအပ်တယ်လို့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈၈ ယောက်အထိ သေဆုံးမှုရှိခဲ့ပြီး ၁၃၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေဟာ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို မှီငြမ်းပြီး စာရင်းပြုစုထားတာကြောင့် မြေပြင်အခြေအနေမှာ ခုထက်ပိုပြီး ရှိနိုင်ပါတယ်။
ကေခိုင်