Home
မြန်မာသတင်း
ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖိုင်ဘာကြိုးများထိခိုက်ပြီး ဖုန်းလိုင်းများပြတ်နေ
DVB
·
October 14, 2024

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းတံထားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် တံတားအနီးက ဖြတ်သွားတဲ့ ပင်မဖိုင်ဘာကြိုးတွေ ပြတ်တောက်ခဲ့ပြီး ရခိုင်က မြို့နယ် ၉ ခုထက်မနည်းမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်ကြားမှာ တည်ရှိတဲ့ ယောချောင်းတံတားကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၉ ခုထက်မနည်းမှာ ဖုန်းလိုင်းတွေ တပြိုင်နက်တည်း ပြတ်တောက်သွားခဲ့တာပါ။

ရခိုင်ပြည်နယ်မှ ဆက်သွယ်ရေးဝန်ထမ်းတ‌ယောက်က “မြေပုံမြို့နယ်က ယောချောင်းတံတားကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာမှာ ပင်မဖိုင်ဘာတွေပါ အကုန်ပျက်စီးသွားတယ်။ လက်ရှိတော့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၉ ခုထက်မနည်းမှာ ဖုန်းလိုင်းတွေက ပြတ်တောက်နေကြတာ ဖြစ်တယ်။ ဆက်သွယ်ရေးလိုင်းတွေ ပြန်ရဖို့ အချိန်ယူရမယ့်သဘောရှိတယ်။”

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဖိုင်ဘာကြိုး ပြတ်တောက်ပြီး မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေ မြို့နယ်တို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာလို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်က မြို့နယ်အများအပြားမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အိမ်နဲ့ဆက်သွယ်မရတာ ၃ ရက်အထိ ရှိလာပြီလို့ ရန်ကုန်ကို ရောက်ရှိနေတဲ့ ရခိုင်လူငယ်တယောက်က ပြောပါတယ်။

“အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ အိမ်နဲ့ အဆက်အသွယ် လုံးဝကို ပြတ်တောက်သွားတာ ဖြစ်တယ်။ အရင်တုန်းကဆိုရင် အင်တာနက်လိုင်းတွေ မရပေမဲ့လည်း ဖုန်းလိုင်းတွေ ရနေတာကြောင့် မိသားစုတွေနဲ့တော့ ဆက်သွယ်လို့ရသေးတယ်။ အခုက လုံးဝကို ဆက်သွယ်လို့မရတော့ဘူး။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ကာလမှာ မိသားစုတွေနဲ့ အဆက်အသွယ်မရတော့ နည်းနည်းစိုးရိမ်ရတယ်။”

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်မှုတွေ များပြားလာတာကြောင့် အရပ်သား ရပ်ရွာတွေ၊ ဆေးရုံ ဆေးခန်း၊ ဘာသာရေးအဆောက်အဦတွေနဲ့ စစ်ရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ကျူးလွန်လာနေတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီး ချိုးဖျက်လိုက်တဲ့ ယောချောင်တံတားဟာ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာရှိပြီး အမ်း၊ မြေပုံနဲ့ ရခိုင်အတွက် အရေးပါတဲ့ တံထားတစင်းဖြစ်တယ်လို့ အမ်းမြို့ခံတ‌ယောက်က ပြောပါတယ်။

“အောက်တိုဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ယောချောင်းတံတားကို လေကြောင်းက ဗုံးကြဲဖျက်ဆီးလိုက်တယ်လို့ သိရတယ်။ အဲဒီတံတားက အမ်းမြို့နဲ့ မြေပုံနယ်အစပ် စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာရှိတဲ့ တံတားဖြစ်တယ်။ အဲတံတားက ရခိုင်ပြည်အတွက် အရမ်းကို အရေးပါတယ်။”

ယောချောင်းတံတားနဲ့ အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရခိုင်တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုလုံးကို ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာဖြစ်ပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ AA က ဖုန်းလိုင်းကို ပြန်ဖွင့်ပေးထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲကာလ ၁၀ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူတို့က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ဝန်းရံပိတ်ဆို့ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013