Home
မြန်မာသတင်း
ပင်လည်ဘူးတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီး၊ စစ်တပ်က မူးယစ်ဆေးကျွေးပြီး စစ်တိုက်ခိုင်း 
DVB
·
October 16, 2024
Photo: NUG- MOD

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဗျူဟာ ၄၁၊ ယင်းမာပင်ခရိုင်တပ်ရင်း ၇ ရဲ့ တာဝန်ခံတယောက်က “ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေက သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့တဲ့ အခမ်းအနားမှာ ပြည်သူတွေ၊ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့တွေက ကျနော်တို့ PDF ရဲဘော်တွေနဲ့အတူ NUG MOD က ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် တက်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ ဘိန်းဖြူဆပ်ပြာခွက် ၁,၃၅၂ ခွက်၊ ဘိန်းဖြူထုပ် ၁,၂၈၅ ထုပ်နဲ့ ဘိန်းမည်း ၁၈ ထုပ် (ခန့်မှန်း တထုပ် ၁ ပိဿာ) တို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗျူဟာ ၄၁၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ ရဲ့ တာဝန်ခံတယောက်က “ဖမ်းမိတဲ့ သုံ့ပန်းတွေကို စစ်ဆေးတဲ့အခါမှာ မူးယမ်းဆေးဝါး သုံးစွဲထားတာတွေ ပေါ်ပေါက်သလို သူတို့ အထက်အရာရှိတွေက မူးယစ်ဆေးဝါးသုံးပြီးမှ စစ်တိုက်ခိုင်းတယ်။ စစ်သားအချင်းချင်းလည်း မူးယစ်ဆေး အရောင်းအဝယ်တွေ လုပ်တယ်ဆိုတာ ဝန်ခံထွက်ဆိုကြတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က တပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့ရသလို ဒဏ်ရာရရှိခဲ့ကြသူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှာ တခြား ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့အတူ ယင်းမာပင်ခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၆ တို့ စုပေါင်းထားတဲ့ ယင်းမာပင် တပ်မဟာအပြင် ဗျူဟာ ၄၁ က ယင်းမာပင်ခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၂ နဲ့ ဗျူဟာ ၄၂ က ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ တပ်ရင်း ၁၇၊ တပ်ရင်း ၂၈၊ တပ်ရင်း ၂၉၊ တပ်ရင်း ၃၉ တို့ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်စခန်းတွေကို စက်တင်ဘာ ၁၅ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅၄ ရက်အကြာ အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာတော့ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ မူးယမ်းဆေးဝါးတွေအပြင် စစ်ကောင်စီတပ်သား ၇၀ နီးပါး သေဆုံးကာ အလင်းဝင်ရောက်လာသူ ၄၈ ယောက်ရှိပြီး စစ်သုံ့ပန်း ၁၀၂ ယောက် ဖမ်းဆီးရရှိခဲ့တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013