Home
နိုင်ငံတကာ
အီကွေဒေါနိုင်ငံတွင် လျှပ်စစ်မီးမရသဖြင့် အစိုးရကို ဆန္ဒပြ
DVB
·
November 2, 2024
Photo-Reuters

အီကွေဒေါနိုင်ငံမြို့တော် ကီးတိုရဲ့ လမ်းမတွေပေါ်မှာ အောက်တိုဘာ ၃၁ ရက်က ရာနဲ့ချီတဲ့ပြည်သူတွေဟာ အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲကို လုပ်နေကြပြီး နေ့စဉ် ၁၄ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတဲ့ စွမ်းအင်အကျပ်အတည်းအတွက် သမ္မတ ဒန်နီရယ် နိုဘိုအာကို အပြစ်တင်နေကြပါတယ်။

လျှပ်စစ်မီး မရရှိလို့ ရေလည်းမရှိ၊ လုံခြုံရေးလည်း မရှိ၊ ပညာရေးလည်း မရှိတော့ဘဲ သမ္မတအဖြစ် ပြန်အရွေးခံရဲသေးလားလို့ ဆန္ဒပြသူတွေက အစိုးရကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီအစိုးရဟာ ပြည်သူတွေကို အကျပ်အတည်းဖြစ်အောင် တွန်းပို့လှုံ့ဆော်နေတာကို မကျေနပ်ကြကြောင်းနဲ့ လျှပ်စစ်မီးရရှိအောင် အစိုးရက စီစဉ်ပေးသင့်နေပြီလို့လည်း ဆိုကြပါတယ်။

စီးပွားရေးအကျပ်အတည်းအတွက်တင်မကဘဲ စိတ်ကျန်းမာရေး အကျပ်အတည်းကိုလည်း တွေ့ခဲ့ရပြီး မီးပျက်တာကြောင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆန္ဒပြကျောင်းသားတယောက်က ပြောပါတယ်။

အီကွေဒေါရဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် ရေအားလျှပ်စစ်ကို မှီခိုနေရတဲ့ နိုင်ငံမှာ ရေလှောင်ကန်တွေထဲ ရေတွေ လျော့နည်းလာတာကြောင့် ရေအားလျှပ်စစ်သုံးဆည်တွေ အလုပ်မဖြစ်တော့ဘဲ နိုင်ငံဟာ စွမ်းအင်အကျပ်အတည်းထဲကို ကျရောက်သွားခဲ့ရတာပါ။

အစိုးရအနေနဲ့ လျှပ်စစ်မီး ပေးဝေရာမှာ ဝန်အားကန့်သတ်ဖို့အတွက် ဓာတ်အား ဖြတ်တောက်ဖို့ကို မဖြစ်မနေ လုပ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ လျှပ်စစ်ထောက်ပံ့မှု ၁၀ မဂ္ဂါဝပ်ကနေ ၁၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မယ့် စီမံကိန်းတွေမှာ တိုက်ရိုက်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ဒန်နီရယ် နိုဘိုအာ အဆိုပြုထားတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အခုသီတင်းပတ်တွင်းမှာ အတည်ပြုခဲ့ပါတယ်။ 

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024