Home
နိုင်ငံတကာ
ပြင်သစ်တွင် အသတ်ခံရသည့် ကျောင်းဆရာအမှုအတွက် လူ ၈ ဦးကို ရုံးတင်စစ်ဆေး
DVB
·
November 6, 2024
Photo: Reuters

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ပတ်သက်ပြီး စာသင်ခန်းထဲမှာ တမန်တော် မိုဟာမက်ရဲ့ ကာတွန်း ရုပ်ပြောင် အသုံးပြုသင်ကြားခဲ့တဲ့ကျောင်းဆရာ တယောက် ၂၀၂၀ ပြည့်နှစ်က ရက်ရက်စက်စက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး လူ ၈ ယောက်ကို အကြမ်းဖက်ကွန်ရက်နဲ့ပတ်သက်မှုနဲ့ စွပ်စွဲပြီး နိုဝင်ဘာ ၄ ရက်မှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် ကျောင်းဆရာ ဆမ်မြူယယ် ပက်တီဟာ သူ့တပည့်တွေကို တမန်တော် မိုဟာမက်ရဲ့ ရုပ်ပြောင်ပြပြီး ရက်ပိုင်းအကြာမှာ ပါရီမြို့တော်နားက ကွန်ဖလန် စန်တို အိုနိုဟင် မြို့နယ်က သူ့ကျောင်းရဲ့ အပြင်ဘက်မှာ ချေချင်းနွယ်ဖွား အသက် ၁၈ နှစ်အရွယ် တိုက်ခိုက်ရေးသမားက အကြိမ်ကြိမ် ဓားနဲ့ထိုးသတ်ပြီး တစစီ ခုတ်ထစ်တာ ခံခဲ့ရပါတယ်။

တမန်တော်ကို ပန်းချီတွေ၊ စကားလုံးတွေနဲ့ သရုပ်ဖော်တာကို အသရေဖျက် ကဲ့ရဲ့မှုအဖြစ် မွတ်စလင် အများအပြားက ယူဆကြပါတယ်။ အလယ်တန်းကျောင်းမှာ သမိုင်းနဲ့ ပထဝီ ဘာသာရပ် သင်ကြားသူ ပက်တီရဲ့ မိတ်ဆွေတွေကို ကိုယ်စားပြုတဲ့ ရှေ့နေက သူတို့ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လောကီသီးသန့်ဝါဒီတို့ဟာ အကာအကွယ်ရသင့်တယ်လို့ ပြင်သစ်လူထုကို သတင်းစကားပေးဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ 

အလယ်တန်းကျောင်းဆရာကို အမုန်းပွားအောင် လှုံ့ဆော်ဖန်တီးပေးတဲ့ ဗီဒီယိုတွေ ဖန်တီးပြီး လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေဖို့ ကူညီပေးရင်း ပြည်သူ့နီတိအပေါ် အငြင်းပွားအောင်လုပ်ဖို့ လူမှုမီဒီယာကို သုံးခဲ့တယ်လို့ ဘရာဟင်မ် ချနီးနာကို အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။

တင်းမာတဲ့ အစ္စလာမ္မစ် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ပြင်သစ်မှာ ပိတ်ပင်ခံထားရတဲ့ ချိတ်ခ် ယာဆင် ကော်လက်တစ်ဖ်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ပြင်သစ်-မော်ရိုကို နိုင်ငံသား နှစ်မျိုး ခံယူထားသူ အဘ်ဒယ်ဟာခင်မ် ဆေဖွီနီနဲ့ ချနီးနာတို့  ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။

သူတို့နှစ်ယောက်စလုံးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရားစွဲဆိုထားပါတယ်။ ရုံးချိန်းမစတင်မီ ချနီးနာရဲ့ ရှေ့နေက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ချနီးနာရဲ့ သမီးနဲ့ မြီးကောင်ပေါက်အရွယ် လူငယ် ၅ ယောက်ဟာ ကြိုတင်တွေးတောကြံစည်ထားတဲ့ ရာဇ၀တ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုနဲ့ ချုံခိုတိုက်ခိုက်မှုကို ပြင်ဆင်ရာမှာ ပါဝင်ပတ်သက်မှု စွဲချက်တွေအတွက် အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

ရုပ်ပြောင်တွေကို ပြသချိန်မှာ ချနီးနာရဲ့သမီးက ပက်တီရဲ့အတန်းထဲမှာ မရှိနေဘဲ မမှန်မကန် ပုတ်ခတ်စွပ်စွဲတာတွေ၊ ဆဲရေးမှတ်ချက်ပေးတာတွေ လုပ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ နောက်ဆုံးရုံးချိန်းကို စီစဉ်ထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013