ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တည်းခိုခန်းနဲ့ ဟိုတယ်တွေမှာ တည်းခိုနေသူတွေကို အခန်းငှားတာနဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက ဓာတ်ပုံရိုက်ယူထားပြီး လူငယ်တချို့ကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်၊ ညပိုင်းက နယ်မြေ ၅၊ အမှတ် ၃ ရပ်ကွက်၊ အေးသာယာအဝေးပြေးကွင်း ၁ လမ်း၊ ပစောက်ကွေ့မှာ ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းတခုမှာ တည်းနေတဲ့ စစ်ဘေးရှောင်လူငယ် အမျိုးသား ၂ ယောက်ဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။
ည ၁၀ နာရီကျော်လောက်မှာတော့ ဧည့်စာရင်းဝင်စစ်ချိန်မှာ အေးသာယာရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး အတူပါ ဆိုင်ကယ်ပါ သိမ်းဆည်းခံခဲ့ရတာကြောင့် မိသားစုဝင်တွေက နောက်တနေ့မှာ လိုက်လံထုတ်ခဲ့ရသလို ငွေကျပ် ၄ သိန်းပေးခဲ့မှ ပြန်လွှတ်ပေးခဲ့ ပါတယ်။
အေးသာယာမြို့ခံတယောက်က “ရုပ်ရှင်ရုံအရှေ့လမ်းက တည်းခိုခန်းမှာ။ လူငယ်နှစ်ဦးပဲ။ စစ်ရှောင်ပြောတာတောင်မရဘူး ဖမ်းသွားတာ။ ဒီရက်ပိုင်း အေးသာယာရော၊ တောင်ပေါ်မှာရော ဟိုတယ်တို့ တည်းခိုခန်းတို့ တည်းတဲ့သူတွေ ဓာတ်ပုံအရိုက်ခံမှ အခန်းရတယ်။ ဟိုနှစ်ယောက်က ပြန်တော့ လွှတ်ပြီ။ ၄ သိန်းပေးခဲ့ရတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
လူငယ် ၂ ယောက် ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တည်းခိုခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာ ၄ ရက်က အေးသာယာမြို့သစ်ရှိ စက်မှုဇုန်က လွိုင်ကော်မြို့ခံ အမျိုးသမီးတယောက် ပိုင်ဆိုင်တဲ့ ပြောင်းအခြောက်ခံစက်ရုံ ဂိုထောင်မှာ လက်နက်အများအပြားကို စစ်ကောင်စီဘက်က သိမ်းဆည်းသွားခဲ့ပြီး မြို့သစ်တဝိုက်နဲ့ ရွှေညောင်၊ တောင်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အစစ်အဆေး တင်းကျပ် ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကလည်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရက် ကျင်းပချိန်တွေမှာ မြန်မာနိုင်ငံအနှံ့က လာရောက်တည်းခိုသူတွေကို မျက်နှာနဲ့ ကိုယ်လုံးပုံပါ ဓာတ်ပုံတွေ ရိုက်ယူခိုင်းထားပြီး ဧည့်စာရင်းဝင်စစ်တာမျိုးတွေ ရှိခဲ့ပါတယ်။