ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မီးပုံးပျံပွဲ ဖွင့်ပွဲနေ့အတွက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက အစစ်အဆေးတင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ကြီး မီးပုံးပျံဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက်ည စတင်မှာဖြစ်ပြီး မိတ္ထီလာမြို့ထဲမှာ ဒီနေ့မနက် ဗုံးပေါက်ကွဲတဲ့အတွက် တောင်ကြီးမြို့ အဝင်အထွက်တွေမှာ အစစ်အဆေးတင်းကျပ်နေတာပါ။
တောင်ကြီးမြို့ အဝင်ထွက်ဂိတ်တွေနဲ့ မီးပုံးပျံကွင်းတဝိုက်မှာ ကား၊ ဆိုင်ကယ်တွေကို လိုင်စင်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပါမပါ စစ်ဆေးနေပြီး လိုင်စင်မပါပါက မြို့ထဲပေးမဝင်ဘူးလို့ တောင်ကြီးမြို့ခံတယောက်က ပြောပါတယ်။
“စောစီး လမ်းတွေ ပိတ်ထားပြီ မီးပုံးပျံကွင်းအဝင်လမ်းမှာ ကားကော၊ ဆိုင်ကယ်ကော လိုင်စင်ပါရင် ပေးဖြတ်ပါတယ်။ ကားကို ကညန ယာဉ်စစ်သလို စစ်ပါတယ်။ မိုင်း၊ ဗုံး စက်နဲ့ထိုး ရှာပါတယ်၊ အသေးစိတ်စစ်ပြီးမှ ပေးသွားပါတယ်။ တောင်ကြီးက လူတွေကတော့ ခုပွဲကို အာရုံမလာပါဘူး။ တချို့အဝေးက လာမယ့်သူတွေလည်း ပွဲရက်ပြောင်းသွားတော့ မလာဖြစ်ကြဘူး။”
တောင်ကြီး မီးပုံးပျံပွဲကို နိုဝင်ဘာ ၉ ရက်ကနေ ၁၅ ရက်အထိကျင်းပမယ်လို့ ကြေညာထားပြီး နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်ကို ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် တခြားမြို့က လာရောက်လည်ပတ်မယ့် ပြည်သူတွေအတွက် အခက်အခဲကြုံခဲ့ရပါတယ်။
တောင်ကြီးမြို့တဝိုက်မှာ စစ်ဆေးရေးဂိတ် ၅ ခုလောက်ရှိပြီး မြို့ထဲလူစည်ကားရာ လမ်းမတွေမှာ လုံခြုံရေးတွေ တင်းကျပ်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။