တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အနယ်နယ်အရပ်ရပ်က လာရောက်မယ့်သူ များပြားပြီး ဟိုတယ်တွေလည်း ဘိုကင်တင်ထားသူတွေနဲ့ ပြည့်နေပြီလို့ တောင်ကြီးက တည်းခိုရိပ်သာတွေထံက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာ ၉ ရက်ကနေ ၁၅ ရက်အထိ ၇ ရက်ကြာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော်အတွင်း နေ့လွှတ်၊ ညလွှတ် မီးပုံးပျံတွေနဲ့ ကျင်းပတော့မှာ ဖြစ်တာကြောင့် တခြားအရပ်ဒေသတွေက လာရောက်မယ့်သူတွေဟာ ဟိုတယ်၊ တည်းခိုခန်းတွေကို ကြိုတင်မှာယူထားတာတွေကြောင့် အခန်းမရှိသလောက် ဖြစ်နေပြီလို့ တည်းခိုရိပ်သာတွေနဲ့ မြို့ခံတွေထံက သိရပါတယ်။
ရွှေတောင်ကြား တည်းခိုရိပ်သာ ဝန်ထမ်းတယောက်က “ဟိုတယ်က အများကြီးဆိုပေမဲ့ လာတဲ့သူများတော့ နှစ်တိုင်း အခန်းပြည့်တယ်။ ဒီနှစ်လည်း ဟိုတယ်တွေ အကုန်နီးပါး ပြည့်နေပြီ။ လာချင်တယ်ဆိုရင်တော့ တည်းခိုခန်းတွေမှာတော့ ရနိုင်ပါသေးတယ်။ ကျနော်တို့ဆီမှာလည်း အခန်းကျန်တာ ရှိပါသေးတယ်။ အချိန်အရမ်းနီးမှ ဘိုကင်တင်မယ်ဆိုရင်တော့ ရဖို့မသေချာပါဘူး” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲကို တော်လှန်ရေးအင်အားစုတွေက သွားရောက်မပျော်ပါးဖို့ သတိပေးခဲ့တာကြောင့် လာရောက်သူ နည်းပါးတဲ့အတွက် လာရောက်ဖို့ လော်စပီကာနဲ့ လိုက်လံခေါ်ယူခဲ့ရပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွက် တခြားဒေသတွေက ဟိုတယ်ဘိုကင်လုပ်သူတွေ များပြားနေတာကြောင့ တောင်ကြီးမြို့ခံတွေအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်နေကြရပြီး တော်လှန်ရေးအသိုင်းအဝိုင်းက ဝေဖန်ခံရမှာကို စိုးရိမ်နေကြရတယ်လို့ တောင်ကြီးမြို့ခံတယောက်က ပြောပါတယ်။
တောင်ကြီးမြို့၊ ရတနာလမ်းမှာနေသူတယောက်က “ဒီမှာ စည်ကားတယ်ဆိုရင် တောင်ကြီးသူ တောင်ကြီးသားတွေထက် တခြားနေရာက လူတွေ၊ စစ်ရှောင်တွေပဲ ပျော်ကြပါးကြမှာ။ မြို့ခံတွေက အဲဒီပွဲတော်ကို ပါဝင်တာ နည်းသွားပြီ။ ပွဲတော်မှာ စည်ကားရင် မြို့ခံတွေပဲ အဆဲခံရတာ။ ဒီနှစ်တော့ ဟိုတယ်၊ တည်းခိုခန်းတွေ ပြည့်နေတော့ အဆဲခံရဦးမလား မသိပါဘူး” လို့ ပြောပါတယ်။
လာမယ့် တန်ဆောင်တိုင်ပွဲတော်မှာ မီးပုံပျံအလုံးရေ ရာချီပြီး စေလွှတ်မှာဖြစ်ပြီး အခုအခါ ပြင်ဆင်မှုတွေ ပြုလုပ်နေကာ တော်လှန်ရေးအင်အားစုတွေကတော့ သတိပေး တားမြစ်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံတဝန်း အေးချမ်းပျော်ရွှင်နေတယ်ဆိုတဲ့ ပုံရိပ်တွေ ရရှိစေဖို့အတွက် အခုလို ပွဲတော်တွေမှာ လူစည်ကားစေဖို့ နှစ်စဉ် ပြုလုပ်လေ့ရှိပါတယ်။