Home
နိုင်ငံတကာ
One Direction အဆိုတော် လီယမ်ပိန်း ဟိုတယ် ၃ လွှာမှ ပြုတ်ကျ ကွယ်လွန်
DVB
·
October 17, 2024
Photo-Reuters

One Direction အဖွဲ့ဝင်အဖြစ် ထင်ရှားခဲ့တဲ့ အဆိုတော် လီယမ်ပိန်းဟာ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့က ဟိုတယ်တခုရဲ့ သုံးလွှာအခန်း၊ လေသာဆောင်ကနေ ပြုတ်ကျပြီး ကွယ်လွန်သွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဗြူနိုအေးရိစ်လုံခြုံရေးဌာနက ရရှိတဲ့ အသံဖိုင်အရ မူးယစ်ရမ်းကားနေတဲ့ ဧည့်သည်တယောက်နဲ့ ပတ်သက်ပြီး ဟိုတယ်ဝန်ထမ်းက ရဲကို လှမ်းအကြောင်းကြားခဲ့တာကို တွေ့ရပါတယ်။

သတိရှိနေချိန်မှာ အဲဒီပုဂ္ဂိုလ်ဟာ တခန်းလုံးကို ဖျက်ဆီးနေတဲ့အတွက် ထိန်းဖို့ တယောက်ယောက်ပို့ပေးဖို့ အဲဒီအလုပ်သမားက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဧည့်သည်နေတဲ့အခန်းဟာ လေသာဆောင်လည်း ရှိတဲ့အတွက် အန္တရာယ်ရှိတယ်လို့ပါ ပြောဆိုခဲ့တယ်လို့ အသံဖိုင်မှတ်တမ်းက ဖော်ပြပါတယ်။

ဟိုတယ်အနောက်ဘက်မှာ ကျယ်လောင်တဲ့အသံကြီး ကြားလိုက်ရတယ်လို့ ဟိုတယ်မန်နေဂျာက ပြောကြားခဲ့ပြီး ရဲတွေရောက်လာချိန်မှာတော့ အမျိုးသားတယောက် သူ့အခန်း လေသာဆောင်ကနေ ပြုတ်ကျ သေဆုံးနေတာကို တွေ့ရှိခဲ့ကြရတာ ဖြစ်ပါတယ်။

ပိန်းဟာ ဗြိတိန် Girls Aloud အဆိုတော် ရှာရီးလ်နဲ့ ၂၀၁၇ မှာ Bear အမည်ရ သားတယောက် ရခဲ့ပါတယ်။

For You သီချင်းနဲ့ ကမ္ဘာ‌ကျော် ထင်ရှားတဲ့ အဆိုတော်ဟာ တချိန်က နာမည်အကြီးဆုံး Boy Band One Direction မှာ ဟာရီစတိုင်စ်၊ ဇေန်မာလစ်၊ နီးလ်ဟော်လန်၊ လူးဝစ် တွမ်လင်ဆန် တို့နဲ့အတူ ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ တုန်းက ဗြိတိန် X Factor ပြိုင်ပွဲမှာ တတိယရခဲ့တဲ့ ဒီအဖွဲ့ဟာ ကမ္ဘာတဝန်း ဂီတဆုကြီးတွေ ရရှိခဲ့ပြီး အချပ်ရေ သန်း ၇၀ အထိ ရောင်းချခဲ့ရပြီး သမိုင်းတလျှောက် အရောင်းရဆုံး Boy Band တခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ မှာ ကွဲသွားခဲ့ပြီးတဲ့နောက် ဂီတလောကမှာ တယောက်ချင်း လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ Celebrity Net Worth ရဲ့ ခန့်မှန်းချက်အရ ပိန်းရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၇၀ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013