Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် တက္ကသိုလ်ရန်ပုံငွေ ဘတ်ဂျက်ဖြတ်တောက်မှုကို ကျောင်းသားများ ဆန္ဒပြ
DVB
·
October 10, 2024
Photo - REUTERS/Alessia Maccioni

အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေ့ရဲ့ အစွန်းရောက် လစ်ဘရယ်အစိုးရက အဆိုပြုထားတဲ့ အများပြည်သူ တက္ကသိုလ်ရဲ့ ရန်ပုံငွေ အလွန်အကျွံ ဖြတ်တောက်မှုတွေကို ကန့်ကွက်ဆန္ဒပြတဲ့ အနေနဲ့ အောက်တိုဘာ ၈ ရက်က နိုင်ငံရဲ့ အကြီးဆုံး အများပြည်သူတက္ကသိုလ်က ကျောင်းသားတွေဟာ စာသင်ခန်းအပြင်ဘက် လမ်းတွေပေါ်ထွက်ကာ သင်ခန်းစာတွေကို သင်ယူပြခဲ့ကြပါတယ်။

ဘွေးနော့စ်အိုက်ရစ်စ် တက္ကသိုလ် (UBA) မှ ဒဿနိကဗေဒ၊ စာပေနဲ့ စိတ်ပညာ ဘာသာရပ်တွေက ကျောင်းသားတွေဟာ စာသင်ချိန်တွေကို ကျောင်းခန်းပြင်ပကို ရွှေ့ခဲ့ကြတာပါ။

နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း ၂၃၆ ဒသမ ၇ ရာခိုင်နှုန်း ရှိနေတဲ့ စီးပွားရေး အကျပ်အတည်းအကြား တက္ကသိုလ်ရန်ပုံငွေကို စိတ်ချရအောင် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကို မီလေ့အစိုးရက ဗီတိုအာဏာသုံး ပယ်ချဖို့ ခြိမ်းခြောက်မှုကို ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

“တက္ကသိုလ်အသုံးစရိတ် ဥပဒေမှာ သမ္မတရဲ့ ဗီတိုအာဏာကို အသိအမှတ်ပြု ထောက်ခံမလား ဒါမှမဟုတ် ဥပဒေကို အာဏာတည်အောင် အတင်းအကျပ် ထိန်းသိမ်းမလား ဆိုတာကို ဗုဒ္ဓဟူးနေ့မနက်မှာ လွှတ်တော်တွေမှာ မဲပေးကြမယ် ဆိုတဲ့အပေါ် ကျောင်းသားတွေက ၄၈ နာရီကြာ ဆန္ဒပြတာ ဖြစ်ပါတယ်” လို့ အာဂျင်တီးနား တက္ကသိုလ်ကျောင်းသား ကမီလာ ရှာမွတ်ခ်က ပြောပါတယ်။

ဒီဥပဒေကို လိုက်နာဖို့၊ တက္ကသိုလ်အသုံးစရိတ်ကို ဂုဏ်သိက္ခာရှိရှိ ဆက်လက်ထားရှိနိုင်အောင် ဥပဒေတရပ်ရှိဖို့နဲ့ အများပြည်သူ တက္ကသိုလ်ကို ရှင်သန်နိုင်စွမ်းကို ခွင့်ပြုပေးဖို့တွေ လိုအပ်တယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

တက္ကသိုလ်ရန်ပုံငွေကို ဖြတ်တောက်မှုဟာ အဆင့်မြင့်ပညာရေးကို အဆင့်သတ်မှတ်တဲ့ QS အဖွဲ့အစည်းအရ ကမ္ဘာတဝန်းရှိ ထိပ်တန်းတက္ကသိုလ် ၁၀၀ ထဲက တခုဖြစ်တဲ့ ဘွေးနော့စ်အိုက်ရစ်စ် တက္ကသိုလ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။

UBA မှာ ဘွဲ့ကြိုသင်တန်းပေါင်း ၁၁၀၊ အထက်တန်းဆင့်ကျောင်း ၆ ကျောင်းနဲ့ အများပြည်သူဆေးရုံ ၅ ခုကို ဖွင့်လှစ်ထားပါတယ်။

ဒီဇင်ဘာလမှာ မီလေ့ဟာ သမ္မတတာဝန် စတင်ယူခဲ့ပြီးကတည်းက ရန်ပုံငွေ ဖြတ်တောက်မှုတွေကြောင့် တက္ကသိုလ်အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေမှာ အခက်အခဲ တွေ့ကြရတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013