အယ်လ်ဘေးနီးယားနိုင်ငံမှာ ဝန်ကြီးချုပ် အက်ဒီရာမာရဲ့ အစိုးရကို ဆန္ဒပြနေကြသူတွေဟာ အောက်တိုဘာ ၇ ရက်က မြို့တော် တီရာနာရှိ အစိုးရအဆောက်အအုံတွေကို ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ပြီး မြို့တော်ပိုင် ပစ္စည်းတွေကိုလည်း ထုရိုက်ဖျက်ဆီးခဲ့ကြတာကြောင့် အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က အတိုက်အခံ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ရာမာ ရာထူးကဆင်းပေးဖို့နဲ့ လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်မယ့်အချိန်ထိ အိမ်စောင့်အစိုးရ ထားရှိပေးဖို့ တောင်းဆိုခဲ့ကြပြီး အစိုးရကိုလည်း အကျင့်ပျက်ခြစားမှု၊ အစွန်းရောက်ဝါဒနဲ့ အတိုက်အခံတွေကို နှုတ်ပိတ်ဖို့ ကြိုးစားနေကြောင်းတွေလည်း စွပ်စွဲခဲ့ကြပါတယ်။
ထောင်နဲ့ချီတဲ့ အတိုက်အခံ ထောက်ခံသူတွေဟာ လမ်းမတွေတလျှောက် ချီတက်ပြီးတော့ ဓာတ်ဆီဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတာကြောင့် တီရာနာတဝန်းမှာ ရဲအရာရှိ ၁,၀၀၀ ကျော်ကို တပ်ဖြန့်ချထားပါတယ်။
တချို့က ကြော်ငြာစခရင်တွေနဲ့ ဆိုင်းဘုတ်တွေကို တိုက်ခိုက်ခဲ့ပြီးတော့ အမှိုက်ပုံးတွေကို မီးရှို့ခဲ့ကြပါတယ်။
ဓာတ်ဆီဗုံးနဲ့ တခြားပစ်ပေါက်တဲ့ အရာဝတ္ထုတွေကြောင့် အရာရှိ ၁၀ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဆာလီ ဘာရီရှာကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရမှုကိုလည်း ဆန္ဒပြခဲ့ကြပါတယ်။ ဘာရီရှာ ကလည်း သူ ဘာအမှားအယွင်းမှ မလုပ်ထားကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် အတိုက်အခံ ဥပဒေပြု ပါလီမန်အမတ် အာရ်ဗင် ဆာလယန်ဂျီကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်ထဲရေးဝန်ကြီးဟောင်းအပေါ် မှားယွင်းတိုင်စာတင်တယ် ဆိုပြီး ထောင်ချထားတာကိုလည်း လွှတ်ပေးဖို့ အဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
အတိုက်အခံအမတ် အာရ်ဗင် ဆာလယန်ဂျီ ကလည်း သူ မှားယွင်းမှုမရှိကြောင်း ငြင်းဆိုထားပြီး တရားခွင်ကို နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
Source-Reuters