ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်းတွေက ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးနေပြီး လိုင်စင်မဲ့ ကားအစီးရေ ရာဂဏန်းနီးပါး ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁ ရက်ကစပြီး မြို့တွင်းလမ်းဆုံ နေရာတွေရော မြို့ပြင်နေရာတွေမှာပါ လာသမျှဆိုင်ကယ်တွေကို ဖမ်းဆီးနေတာ ဒီကနေ့အထိဆိုရင် ၁၀၀ ကျော်အထိရှိနေပြီ ဖြစ်ပြီး တချို့ဆိုင်ကယ်တွေကိုတော့ ပြန်လည်ရွေးယူခွင့်ပေးပေမဲ့ ဆိုင်ကယ်အများစုကတော့ ရဲစခန်းထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
တောင်ကြီးမြို့ခံတယောက်က “အနောက်မြို့ပတ်လမ်း နိဗ္ဗာန်လမ်းဆုံမီးပွိုင့်လိုနေရာမှာ အထိုင်ချပြီး ဖမ်းတာ။ ဦးထုပ်မဆောင်းလို့၊ လိုင်စင်ဘီးမဟုတ်လို့၊ ဘက်မှန်မပါလို့ ဆိုတာမျိုး အမျိုးမျိုးပြောပြီး ဖမ်းနေတာ။ တောင်းပန်လည်း မရဘူး။ ဆိုင်ကယ်သော့ တန်းဖြုတ်တာ။ တချို့ဆိုင်ကယ်တွေကျတော့ ဆိုင်ကယ်အဖုံးတွေလှန်စစ်ပြီး လွှတ်ပေးတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံနေရတဲ့သူတွေဟာ မြို့ခံတွေနည်းပြီး ကျောင်းတက်နေသူတွေနဲ့ မြို့အနီးနား ကျေးရွာတွေက ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့အပြင် ၄ မိုင်၊ ၆ မိုင် မိန်းလမ်းနဲ့ အရှေ့မြို့ပတ်လမ်းတွေမှာလည်း အောင်ပန်း၊ ရွာငံ၊ ကလော၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟဲဟိုး၊ ရပ်စောက် ကလာတဲ့ကားတွေကို ဖမ်းဆီး စစ်ဆေးကာ လိုင်စင်မဲ့ကားဆိုရင် ဖမ်းဆီးတာမျိုးတွေ ရှိနေတယ်လို့ အောင်ပန်းမြို့ခံတယောက်က ပြောပါတယ်။
“ကားတွေ အဖမ်းခံရတာ အစီး ၁၀၀ နီးပါးရှိနေပြီ။ ကျနော်တို့ပွဲရုံက တစီးလည်း ပါတယ်။ ဒီဘက်က ကားတွေဆိုတာက အိမ်စီးကား ဆိုတာထက် ကုန်ရောင်းကုန်ဝယ်နဲ့ ခရီးသည်တင်တဲ့ကားတွေ ပိုများတယ်။ တောင်ကြီးမြို့ထဲမှာ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်ပြီး ဖမ်းတဲ့အဖွဲ့တွေကို သတင်းလှမ်းပို့ပြီး ဖမ်းတာတွေလည်း ဖြစ်နေတယ်။”
ဒီလိုဖမ်းဆီးမှုတွေကြောင့် တောင်ကြီးမြို့ထဲမှာ ကားတွေ ရှင်းလင်းနေပြီး ဆိုင်ကယ်တွေကတော့ ဆိုင်ကယ်တွေကတော့ လျော့နည်းသွားတာမတွေ့ရဘူးလို့ မြို့ခံတွေထံက သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ဆိုင်ကယ်၊ ဘေးတွဲတွေကို မထင်ရင် မထင်သလို ဖမ်းဆီးကာ ငွေကျပ် ၃၀၀၀၀ ကနေ ကျပ် ၅၀၀၀၀ လောက်အထိတောင်းကာ ငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။