ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဒေသခံ အမျိုးသမီးတယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “သူတို့ ကျွန်းကုန်းရွာက စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတာပါ။ ဒီဘက်ကမ်း ပျူရွာဘက်မှာ တပ်စွဲနေတဲ့ စစ်တပ်စခန်းကနေ ဒရုန်းနဲ့ ဗုံးလာကြဲတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းကျေးရွာက လူနေအိမ် ၂ လုံးနီးပါး ပျက်စီးသွားသလို အသက် ၅၀ နီးပါးရှိတဲ့ ရွာခံအမျိုးသမီးတယောက် သေဆုံးကာ ရွာခံ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြလို့ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။
ကီးကူစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရွာတွေကို စစ်တပ်ဘက်က နေ့တိုင်းလောက် ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်။ သူတို့ တိုက်ခိုက်သမျှတွေဟာ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ။ အခုဖြစ်စဥ်ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲသွားတာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေက ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို သတိကြီးစွာထားကြဖို့ တိုက်တွန်းထားတယ်လို့လည်း ကီးကူစစ်ကြောင်းကနေ သိရပါတယ်။