စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ခရီးသွားတွေဆီကနေ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကားနဲ့ဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
ချောင်းဦးမြို့နယ်မှာ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ကားနဲ့ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးတယ်လို့ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဆီကနေ သိရပါတယ်။
တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ငါးယှန်ရွာနားက သံလွင်မြန်မာဆီဆိုင်ရှေ့မှာ ဆက်ကြေးကောက်နေတာကို ကျနော်တို့ဘက်က ကားနဲ့ဝင်ပစ်ခဲ့တာပါ။ သူတို့က အဲဒီဆီဆိုင်ရှေ့ကို ခဏပဲလာလေ့ရှိတာ၊ အခုရှိတာ ၁၀ ယောက်လောက်ရယ်။ သူတို့တပ်စွဲနေတာက ဒီ ချောင်းဦး နယ်ထဲက ခရေဖြူဂိတ်မှာပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် နေရာမှာတင်သေဆုံးပြီး ၂ ယောက် ကတော့ ဆေးရုံကိုပို့ဆောင်တုန်း လမ်းမှာသေဆုံးခဲ့သလို နောက် ၁ ယောက်ကလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးကုနေတယ်လို့ ဆိုပါတယ်။
မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းရဲ့ စစ်ဆင်ရေးတာဝန်ခံတယောက်က “ကျနော်တို့ ပစ်နေတာ ခဏလေးပဲ ရှိသေးတယ်။ ပစ်နေတဲ့နေတဲ့အချိန်မှာဗျာ၊ လိုက်ထရပ်တစီးက ဘုမသိဘမသိကြားထဲဝင်လာတော့ ပစ်တာရပ်လိုက်ရတယ်။ အဲဒီကား ဝင်မရှုပ်ရင် ဟိုကောင်တွေအများကြီးသေမှာ။ ဒီဘက် လမ်းကြောင်းတွေပေါ်က ကားဆရာတွေအနေနဲ့လည်း ကားမောင်းရင် ဘေးပတ်ဝန်းကျင်ကို သတိထားပြီး မောင်းကြပါလို့ တိုက်တွန်းလိုပါတယ်။ သူတို့ဘက်က စစ်ကူတွေထပ်ရောက်လာလို့ လက်နက်ခဲယမ်းတွေ မကောက်ခဲ့ရဘဲ ပြန်လည်ဆုတ်ခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။
ပစ်ခတ်မှုအပြီး အင်အားတိုးရောက်ရှိလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် သန်းပင်ကန်ကျေးရွာက နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီ ပစ်ခတ်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း (People's Defence Force-South Monywa)၊ Zayar Shwe Myay People's Defence Force၊ နွေဦးလူငယ် (People's Defence Force) တို့နဲ့အတူ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ချောင်းဦးမြို့နယ်ထဲက မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ စခန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မော်တော်ယာဉ်တချို့ ပျက်စီးသွားပြီး PDF ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာ နိုဝင်ဘာ ၂ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆီက သိရပါတယ်။
မွန်းလွဲ ၁ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၄ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရသွားတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက DVB ကို ပြောပါတယ်။
“မနေ့ကတော့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့အထိလည်း စစ်ရေးက မငြိမ်သေးပါဘူး။ ပိန္နဲကုန်းကျေးရွာအနီးမှာ ဖြစ်နေတာပါ။ တကယ်လို့များ တိုက်ပွဲတွေဆက်ဖြစ်ဦးမယ်ဆိုရင် ထပ်မံပြောပြပေးသွားပါ့မယ်”
KNLA၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၂ ကြိမ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဗုံးသီးတွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြဲချတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်က ကျဆုံး၊ ဒဏ်ရာရ စစ်သားတွေကို ဖောကားတွေနဲ့ စောင့်ကြို ခေါ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂၀ မမ နဲ့ ရမ်းသန်းပစ်ခတ်လို့ ကျေးရွာအတွင်းက ပြည်သူနေအိမ် ၁ လုံး၊ ဘုန်းကြီးကျောင်း ဇရပ် ၁ ခု ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။