ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေလို့ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး ၁ ယောက် အပါအဝင် သေဆုံးသူ ၃ ယောက်ရှိလာပါတယ်။
အောက်တိုဘာ ၃၁ ရက် မနက် ၉ နာရီလောက်က ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာကနေ စစ်ရှောင်ဖို့ထွက်လာတဲ့ ထော်လာဂျီတစီးကို စစ်တပ်က ၁၂၀ မမ ဒရုန်း ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တယောက်က နေရာမှာတင်သေဆုံးသလို ဒဏ်ရာပြင်းတဲ့ နောက် ၂ ယောက်လည်း ထပ်ပြီး သေဆုံးခဲ့တာပါ။
Karenni Hope ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မိန်းလမ်းကိုဖြတ်တဲ့ချိန် ဒရုန်းနဲ့ ချခံရတာပါ။ ဒရုန်းပေါ် ၁၂၀ မမ လက်နက်ကြီးအလုံးတွေကို ချိတ်ထားပြီး စစ်ရှောင်တွေရဲ့ ယာဉ်တန်းပေါ်ကို ချတာ။ စစ်ရှောင်ထော်လာဂျီပေါ် ကျရောက်ပေါက်ကွဲလို့ သေဆုံးခဲ့ရတယ်။ ၉ ဦးဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တိုက်ခိုက်လို့ ပင်လောင်းမြို့နယ် ဗန်းမောက်ရွာက အသက် ၆၂ နှစ်အရွယ် ဒေါ် မူနန်းလောဝ် ဟာ နေရာမှာပဲ သေဆုံးခဲ့ရပြီး အသက် ၃၆ နှစ်အရွယ် ဒေါ်နန်းပုံနဲ့ အသက် ၈ နှစ်အရွယ် အမည်မသိတဲ့ ကလေးငယ်တယောက်တို့ ကတော့ ဆေးကုနေရင်း နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေကို Pekhon Health Community (PKHC) ကျန်းမာရေးအဖွဲ့က ကုသပေးနေသလို သေဆုံးသူတွေကိုလည်း သင်္ဂြိုဟ်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပွားတဲ့ဧရိယာ တရက်ပြီးတရက် ပိုပိုကျယ်လာတယ်။ တချို့ရွာသားက ကားမရှိ၊ ဆိုင်ကယ်မရှိ ရွာမှာကျန်ခဲ့တာရှိတယ်။ ရွာအနီးတောထဲ ရှောင်တာရှိတယ်။ အဓိက ကြောက်ရတာက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းအန္တရာယ်ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူရှိရာနေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်တာတွေလုပ်နေလို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပြီး အခု ၁ လကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ထိခိုက်မိတဲ့ပြည်သူ အယောက် ၂၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ဗန်းမောက်၊ နောင်ဝိုး၊ ပင်စုံ၊ လွယ်ဝန်း၊ ကုန်းပေါ၊ နမ့်ဖာမူ စတဲ့ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေလို့ ပြည်သူတွေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပြီး ပင်လောင်းနဲ့ ညောင်ရွှေဘက်ကို ရွှေ့ပြောင်းနေထိုင်သူတွေရှိသလို တောတောင်တွေထဲ နေထိုင်နေသူတွေလည်း ရှိနေပါတယ်။
အခုအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်လို့ ဖယ်ခုံနဲ့ ပင်လောင်းမြို့က ဒေသခံ ၃ သောင်းကျော် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။