Home
မြန်မာသတင်း
မြိုင်မြို့နယ် နီပ‌ဆေးတောရွာကို စစ်တပ် မီးရှို့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာနေရ
DVB
·
November 1, 2024
ချောက်မြို့နယ် တောင်းရွာကို စစ်တပ် မီးရှို့ခဲ့စဉ်က

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ နီပဆေးတောရွာကို နိုဝင်ဘာ ၁ ရက် မနက် ၈ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံအရပ်သားတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ နီပဆေးတောရွာဟာ စစ်ကောင်စီ အထိုင်ချတပ်စွဲနေထိုင်တဲ့ လင်းကတောရွာရဲ့ အရှေ့တောင်ဘက် ၂ မိုင်ခွဲခန့်အကွာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသူတယောက်က “စစ်ကြောင်းထွက်လာပြီ ဆိုကတည်းက ရွာကနေ ထွက်ပြေးကြရတယ်ရှင့်။ စစ်ကြောင်းထွက်လာပြီဆိုတဲ့ သတင်းကတော့ ပြည်သူအချင်းချင်း ရတဲ့နည်းနဲ့ ပြောလို့သိရတယ်။ အခုတော့ ယုတ်မာရိုင်းစိုင်းတဲ့ စစ်(-) က ကျမတို့ရွာကို မီးရှို့နေကြပြီ။ တိုက်ပွဲလည်းမရှိဘဲနဲ့ကို ရွာကို မီးရှို့တာရှင့်။ လင်းကတောရွာ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ လာတိုက်ရင် တိုက်မရအောင် မြင်ကွင်းရှင်းတာလို့ ပြောနေကြတယ်” လို့ ပြောပါတယ်။

စစ်တပ်ကတော့ နီပဆေး‌တောရွာထဲကနေ မထွက်သေးဘဲ မီးရှို့တာကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် မီးလောင်ဆုံးရှုံး ပျက်စီးစာရင်းကိုတော့ အတိအကျ ပြောလို့မရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ခေါင်းဆောင် ကိုဗစ်တာက “မီးရှို့စစ်ကြောင်းကတော့ တိုက်ပွဲမဖြစ်လည်း ရွာကို မီးရှို့နေတာ လက်တွေ့အမြင်ပဲ။ ပြည်သူကို အကြောက်တရားသွင်းပြီး ဒုက္ခရောက်‌အောင် တမင်လုပ်နေတာပါ” လို့ ပြောပါတယ်။

နီပဆေးတောရွာဟာ နီပဆေးတော တောင်ရွာ၊ နီပဆေးတော‌ မြောက်ရွာဆိုပြီး ၂ ရွာရှိကာ ၂ ရွာပေါင်း အိမ်ခြေ ၂၀၀ ခန့်ရှိပြီး အခုမီးရှို့ခံနေရတဲ့ ကျေးရွာကတော့ နီပဆေးတော တောင်ရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း အခုစစ်ကောင်စီစစ်ကြောင်းက လင်းကတောရွာအနီး ချောက်တောင်းရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အရပ်သား နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013