Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ရွာမီးရှို့ ၊ ပြည်သူ ၃၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး 
DVB
·
October 31, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို  အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ  စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၄၀၀ ဝန်းကျင် မီးလောင် ပျက်စီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာက ပြည်သူ ၃၇ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ကန့်ဘလူမြို့နယ် ကျီစုရွာက အိမ်ခြေ ၁၀၀ ကျော်၊ ကျောက်တိုင်ရွာက အိမ်ခြေ ၂၅၀ ကျော် စုစုပေါင်း အိမ်ခြေ ၄၀၀ ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့တာပါ။ အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိတဲ့ ကျီစုရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့တာ ၃ ကြိမ်အထိရှိခဲ့ပြီး စုစုပေါင်း အိမ်ခြေ ၇၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တာပါ။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကျောက်တိုင်ရွာကိုတော့ ဒုတိယအကြိမ် ဝင်ရောက်မီးရှို့တာဖြစ်ပြီး တရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

ကျီစုရွာနဲ့ ကျောက်တိုင်ရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ အိုင်ပေါင်းချောင်ရွာကို ထပ်မံဝင်ရောက်ပြီး အမျိုးသား ၃၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်းပြည်သူ ၃၇ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့မှ ကိုဗေဒါက “ကျီစုကို မီးရှို့ခဲ့ပြီးတော့ ကျောက်တိုင်ကို မီးရှို့သွားတာ၊ တရွာလုံးနီးပါးပါပဲဗျာ။ ဘာသာရေးအဆောက်အအုံ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ချသွားတယ်။ စာသင်ကျောင်းကိုလည်း ဒရုန်းနဲ့ချသွားပါတယ်ဗျ။ ရစရာကို မရှိပါဘူး။ စုတ်ပြတ်သတ်သွားတာပါပဲဗျာ။ ဒီလိုမျိုး လူမဆန်စွာ ရက်စက်သွားတဲ့သူကိုလည်း လူငယ်တွေ တတ်နိုင်သလောက် တော်လှန်ရေး ရဲဘော်တွေရော ဒီအတိုင်း ကြည့်မနေကြဖို့ပေါ့ဗျာ။ ရတဲ့နေရာကနေ တော်လှန်သွားမှာပါလို့။ အိမ်ခြေကတော့ တရွာလုံးနီးပါးပါပဲဗျာ။ အိမ်ခြေ ၃၀၀ နီးပါးလောက် ရှိမှာပေါ့ဗျာ။ အိမ်ကြီးအိမ်ကောင်းတွေ အကုန်ဖျက်ဆီးသွားတာ၊ ဘာသာရေး အဆောက်အအုံတွေ စာသင်ကျောင်းတွေ အဓိကပစ်မှတ်ထား တိုက်ခိုက်တိုက်သွားတာ။ တတ်နိုင်တဲ့နေရာကနေ ကူညီပေးကြဖို့တော့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ”လို့ ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်က စစ်ကား ၄ စီးနဲ့ စစ်ကောင်စီတပ်သားတွေဟာ မြေပြင်ကနေ ကန့်ဘလူနယ် ကျီစုရွာ၊ ကျောက်တိုင်ရွာ၊ အောင်ချမ်းသာရွာ၊ အိုင်ပေါင်း ချောင်ရွာ၊ ခင်ဦးနယ် မုံလှရွာ၊ ရေဦးနယ် ပင်စိမ်းခင်းရွာတွေကို ဆက်တိုက်ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။ ဝေဟင်ကနေလည်း PDF တွေရှိတယ်လို့ ယူဆတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တိုင်ရွာသူတယောက်က “ကျမတို့ရွာကို မနေ့ကလာပြီး မီးရှို့သွားတာ ကျမတို့မှာ တောထဲ သွားပြီးနေစရာမရှိ မီးခိုးလုံးတွေနဲ့ တရွာလုံး ခံစားနေရပါတယ်ရှင့်။ မီးရှို့သွားတာ ရှင်တို့မြင်တဲ့ အတိုင်းပဲ အိမ်တွေလည်း ဖြစ်ပျက်သွားတာ နေစရာလည်းမရှိ စားစရာလည်း မရှိတော့ပါဘူးရှင်။ မီးရှို့သွားတဲ့ စစ်ကောင်စီဘက်ကစစ်‌ (-) ကိုတော့ မကျေနပ်ပါဘူးရှင့်။ သူတို့ ကြိုက်သလို လာရှို့ပါ၊ အခု ကျမတို့ရွာကို သူတို့လာရှို့တာ ၂ ခါရှိပါပြီ။ နောက်ထပ်လည်း လာရှို့ပါ၊ သူတို့ ရှို့တာနဲ့ ကျမတို့ ကြောက်မယ်မထင်နဲ့ ကျမတို့ ဒီစစ်ကောင်စီရှိနေသရွေ့ကတော့ မရ ရတဲ့နေရာကနေ ကျမတို့ တော်လှန်မှာပါ။ အောင်မြင်တဲ့အထိကို တော်လှန်မှာပါ။ အခု ကလေးတွေရော မိဘတွေရော အဘိုးအဘွားတွေရော အကုန်ဒုက္ခရောက်နေပါတယ်ရှင့်။ တရွာလုံး မူးရိုးထွက် သစ်ပင်အောက်မှာပဲ နေနေရတာ တရွာလုံးဒုက္ခရောက်နေတာပါ”လို့ ပြောပါတယ်။

ကန့်ဘလူ၊ ရေဦး၊ ခင်ဦးနယ်တွေဟာ ဝါသဝကိုယ်တော်ရဲ့ ပျူစောထီးတွေ အင်အားကောင်းတဲ့ နေရာဖြစ်တာကြောင့် စစ်ကြောင်းထိုးလာချိန်မှာ ဒေသခံ PDF တွေက မခုခံနိုင်ဘဲ တိမ်းရှောင်ခဲ့ကြရတာပါ။

စက်တင်ဘာလလယ်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေ အရှိန်တန့်သွားပြီးနောက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပျူစောထီးတွေကို လေကြောင်းကနေ ရိက္ခာတွေ ပြန်ထောက်ပံ့တာ၊ လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေနဲ့ မြေပြင်စစ်ကြောင်းထိုးပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားတာတွေ  စစ်ကောင်စီက ပြန်လည်ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013