ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ အနီးဝန်းကျင်ကို အောက်တိုဘာ ၃၁ ရက် ဒီမနက် ၉ နာရီခွဲလောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မနက် ၉ နာရီခွဲလောက်က လေယာဉ် ၂ စီးနဲ့ ဆက်တိုက် အလုံးလိုက် လာချသွားတာ။ ၁၀ လုံးလောက်ရှိမယ်။ တိုက်ပွဲလည်း မရှိဘဲနဲ့ လာပစ်သွားတာ။ လေယာဉ်လည်း အကြာကြီး ပျံနေတာ။ ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး။ ဖားကန့် မြောက်ပိုင်းပေါ့။ အခုတလော ဖားကန့်က တိုက်ပွဲတွေ ငြိမ်နေတယ်”လို့ ပြောပါတယ်။
ဖားကန့်မြို့မှာ ဆိုင်းတောင်တိုက်ပွဲအပြီး တိုက်ပွဲတွေ ငြိမ်သက်နေပြီး ဆိုင်းတောင်ရွာဒေသခံတချို့လည်း နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲတာ၊ နေအိမ်မီးရှို့စေခိုင်းတာ၊ လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်တာတွေကြောင့် အိမ်ခြေ ရာနဲ့ချီမီးလောင်ပျက်စီးသွားကာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေများစွာရှိနေပြီး အကူအညီတွေလို အပ်နေကြပါတယ်။
ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၃၀ ရက် ညကစပြီး သွားရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖီမော်က ပန်ဝါ အထက်ပိုင်း အောက်တိုဘာ ၃၀ ရက်နေ့ ညကတည်းက သွားရောက်တိုက်ခိုက်နေတာ တိုက်ပွဲတွေ ဒီနေ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံက ပြောပါတယ်။
အမှတ် ၁၀၀၁ တပ်စခန်းဟာ ဖီမော်မြို့ပေါ်နဲ့ ၁ နာရီကျော်လောက် ဆိုင်ကယ်နဲ့သွားလောက်ရတဲ့ အကွာအဝေးမှာရှိပြီး ဖီမော်ဒေသခံတွေလည်း ကမ့်ဖန့်ဘက်ကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးကို တရုတ်ဘက်က ပိတ်ထားပြီး ဖီမော်မြို့နယ်စပ်ဂိတ် တခုတည်းသာ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းကားတွေ သွားလာနေတာ ဖြစ်ပါတယ်။
KIA ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ကချင်အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး ကချင်အထူးဒေသ ၁ နယ်မြေထဲက ဆဒုံး၊ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေကိုတော့ သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။