စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ခြမ်းက ကျေးရွာတွေကို ကာဘိုးရွာနဲ့ အောင်သာယာ ပျူရွာက စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ စတင် စစ်ကြောင်းထိုးကာ ရွာကို မီးရှို့နေတာကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ကာဘိုးရွာကနေ အင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။
ရွာသားတယောက်က “အိုင်ပေါင်းချောင်ရွာကို စဝင်တယ်။ အဲဒီရွာကနေ ကျနော်တို့ ကျောက်တိုင်ရွာ၊ ကျီစုရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ် အပါအဝင် ဒရုန်းယာဉ်နဲ့ပါ ဗုံးသီးချ ဝင်လာလို့ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတဦး ကျည်စထိမှန် ဒဏ်ရာရရှိထားတယ်။ အခုလည်း နေ့ခင်း ၁ နာရီအချိန်မှာ ကျနော်တို့ကျီစုရွာရဲ့ အရှေ့တောင်ပိုင်းကစပြီး ရွာကိုမီးရှို့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က ကာဘိုးရွာ အထကကျောင်းထဲက စစ်တပ်နဲ့ ပျူအထိုင်စခန်း တိုက်ခိုက်ခံရပြီး နောက်မှာ အခုလို အနိုင်ကျင့် မီးရှို့တာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး စတဲ့ မြို့နယ် ၃ ခုနယ်စပ်က ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုစစ်နိုင်က “အရင် အောက်တိုဘာ ၂၈ ရက်က သူတို့ အထိုင်စခန်းကို ကျနော်တို့ ဝင်တိုက်ပြီး မကျေနပ်လို့ စစ်ကြောင်းထိုးပြီး ရွာတွေက ပြည်သူတွေကို အနိုင်ကျင့်တာ။ ကျနော်တို့နဲ့တော့ ရင်ဆိုင် မတိုက်ရဲဘူးလေ” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းက လက်ရှိမီးရှို့နေဆဲဖြစ်တဲ့ ကျီစုရွာဟာ အိမ်ခြေ ၈၀၀ ကျော် ၉၀၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်သလို မီးရှို့ခံရတာ ၃ ကြိမ်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။