အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီ တပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့ပေါ်က ဒေသခံ ၁၀၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ အမ်းမြို့သိမ်းတိုက်ပွဲဟာ တလကျော်ကြာပြီဖြစ်ပေမဲ့ အခု ရက်ပိုင်းမှာ အပြင်းထန်ဆုံးဖြစ်နေပြီး AA တပ်ဖွဲ့တွေရဲ့ အရပ်လေးမျက်နှာကနေ ပိတ်ဆို့ တိုက်ခိုက်တာကို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးရော လေကြောင်းကပါ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က သွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံ ၁၀၀၀ ကျော်လောက်ဟာ အမ်းမြို့ပေါ်မှာ ပိတ်မိနေဆဲလို့ သိရပါတယ်။
အောက်တိုဘာ ၂၉ ရက် နေ့လယ် ၂ နာရီခွဲကလည်း အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုတောက်ဟာ ပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့ အမ်းမြို့ဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။
“အမ်းအခြေအနေက တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ အမ်းမြို့ပေါ်က စစ်ကောင်စီ တပ်ရင်း တွေ အားလုံးကိုလည်း AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ စစ်ကောင်စီ ကလည်း လေယာဉ်နဲ့တောက်လျှောက်ဗုံးကြနေတယ်။”
အမ်းမြို့ပေါ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြပြီး မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
အမ်းမြို့ပေါ်ကဒေသခံတွေဟာ လက်ရှိ စားနပ်ရိက္ခာပြတ်လပ်နေပြီး စစ်ကောင်စီတပ်ကလည်း မြို့ပေါ် ရပ်ကွက်တွေအထိ သွားလာခွင့်ပိတ်ထားတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။
ဒေသခံ တယောက်က “ဒီရပ်ကွက်ကနေ တခြားရပ်ကွက်တွေတောင် သွားလို့မရဘူး။ ပိတ်ထားတယ်။ ဆန်တွေလည်း ရှာမရတော့ဘူး၊ ဆန် နို့ဆီဘူး တဘူးကို ၁၀၀၀ ပေးဝယ်ရတယ်။ ဒါတောင် မရတဲ့အခါလည်း ရှိတယ်၊ ဆန်ဝယ်လို့ မရတဲ့အတွက် ထမင်းတောင် မစားရဘူး၊ ဆန်ပြုတ်လုပ်သောက်နေရတယ်။ စစ်ကောင်စီကလည်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာ”လို့ ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ပူးပေါင်းအဖွဲ့တွေဟာ အမ်း - စစ်တွေလမ်း၊ အမ်း-မအီ ကားလမ်း၊ အမ်း-တပ်တောင်လမ်း နဲ့ အမ်း - ပဒါန်းလမ်းတွေကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်စခန်းတွေကို အရှိန်မြှင့်တင် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
ကေခိုင်