Home
မြန်မာသတင်း
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
October 30, 2024

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၂၈ ရက် မနက် ၅ နာရီ၀န်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိသလို PDF ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဦးကြီး ပကဖ ရဲ့တာ၀န်ခံတယောက်က “စစ်တပ်ကကောင်တွေတင်မကဘူး ပျူတွေနဲ့ ပြည်သူ့စစ်က ကောင်တွေက ရန်ကင်းရွာ မြောက်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တွေနေတဲ့ ဒီးဒုတ်ကွင်း စစ်ရှောင်စခန်းကို ၀င်စီးခဲ့တယ်။ ဦးဇင်းတပါးကိုလည်း ဇွတ်အတင်း လူ၀တ်လဲဖမ်းသွားပြီး ရွာကိုလည်း မီးရှို့သွားတယ်။ ရွာသား ၂၀ လောက်လည်း ပါသွားတယ်။ အဲ့ဒီစစ်ကြောင်းကို လမ်းကနေ ဖြတ်တိုက်ခဲ့တာပါ‌။ ကျနော်တို့ကြားဖြတ်တိုက်လို့ သူတို့ဖမ်းသွားတဲ့ ပြည်သူတွေ မထိပါဘူး” လို့ ပြောပါတယ်။

အဆိုပါကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က MI 35 ရဟတ်ယာဥ်နဲ့ လေကြောင်းပစ်ကူပေးခဲ့တဲ့အတွက် တိုက်ပွဲအတွင်း ပေါက်မြို့နယ် ပကဖ တပ်ဖွဲ့၀င်တယောက်နဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၂ က တပ်ဖွဲ့၀င်တယောက်တို့ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုကနေ MA3 သေနတ်တလက်၊ G3 သေနတ်တလက်၊ AK သေနတ်တလက်၊ ကာဘိုင် သေနတ်တလက်၊ ၆၀ မမ အဖူး ၆ ခု၊ စက်လက်ပန်းကုံးတကုံးတို့နဲ့အတူ ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်-ပကဖ)၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ ၁၂၊ ၁၈ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒီးဒုတ်ကွင်းစစ်ရှောင်စခန်းက လူနေအိမ် ၇ လုံးနဲ့ ဆေးခန်း ၁ ခုတို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဥ်တစီးနဲ့ စစ်ဘေးရှောင်ပြည်သူတဦးပိုင်တဲ့ မော်တော်ယာဥ်တစီးအပြင် စစ်ဘေးရှောင်တွေရဲ့စားနပ်ရိက္ခာတွေကိုလည်း ယူဆောင်သွားကြတယ်။ စစ်ဘေးရှောင်စခန်းထဲမှာလည်း သူတို့စစ်ကြောင်းက ရမ်းသန်းပစ်လို့ စစ်ဘေးရှောင် ၄ ယောက်ဒဏ်ရာရတယ်။ ၁ ယောက်က စိုးရိမ်ရတယ်။ စစ်ဘေးရှောင်နေကြတဲ့ ဦးဌေးအောင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ဦးသန်းစိန် ကိုလည်း နေအိမ်ထဲမှာပိတ်လှောင် မီးရှို့ သတ်ဖြတ်သွားတယ်။” 

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပေါက်မြို့နယ်အတွင်းက ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ကြသလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013