Home
မြန်မာသတင်း
ချောက်မြို့နယ်တိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေပြီး ၁၀ ရွာကျော် စစ်ရှောင်နေရ
DVB
·
October 28, 2024
bomb_28102024

မကွေးတိုင်းဒေသကြီးထဲ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ရွာမရွာခံ ၂ ဦးသေဆုံးကာ ကျေးရွာ ၁၀ ခုကျော်က ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ PDF တွေက ပြောပါတယ်။

အောက်တိုဘာ နောက်ဆုံးပတ်မှာ စစ်ကြောင်းထိုးလာပြီး အောက်တိုဘာ ၂၇ ရက်မှာတော့ PDF တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက နရွဲတောရွာနဲ့ ရွာမကျေးရွာတိုက်ပွဲတွေမှာ လေကြောင်းအသုံးပြု ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

မကွေးခရိုင် ကွပ်ကဲရေးရုံးက တာဝန်ရှိသူတယောက်က “၂၇ ရက်နေ့မှာက လေကြောင်းတိုက်ခိုက်မှု ၂ ခါဖြစ်တယ်။ နရွဲတောရွာနဲ့ ကံသစ်ကုန်းရွာပေါ့။ အဲဘက်မှာ မနက်ပိုင်းလုပ်တယ်။ ညနေပိုင်း ၃ နာရီဝန်းကျင်မှာတော့ ရွာမရွာကို လေယာဉ်ဗုံးချတယ်။ အဲတာတော့ ပြည်သူထိခိုက်မှုများတယ်ပေါ့။ နောက်ဆက်တွဲ လေကြောင်းတိုက်ခိုက်မှုတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာမရွာဘုန်းတော်ကြီးကျောင်းထဲ ပုန်းခိုနေတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ပေမဲ့ နောက်ထပ် ထိခိုက်သေဆုံးသူ အတိအကျကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးကြောင်း သူက ဆက်ပြောပါတယ်။

အလားတူ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ၂ ယောက်ကျဆုံးကာ စစ်ကောင်စီတပ်က မီးရှို့တာကြောင့် နရွဲတောနဲ့ ရွာမရွာက နေအိမ်အတော်များများ (ရွာတဝက်ဝန်းကျင်) ပျက်စီးခဲ့ရတယ်လို့ မကွေးခရိုင်ကွပ်ကဲရေးရုံးကနေ သိရပါတယ်။

ရွာမ၊ နရွဲတော၊ ချောင်းဦး၊ ဆူးတော၊ ညောင်ဇင်၊ ကံသစ်ကုန်း၊ မြေနီလိမ်အပါအဝင် စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာ ၁၀ ရွာကျော်က အနည်းဆုံး ဒေသခံ ၄၀၀၀ အထက်  စစ်ရှောင်ခဲ့ရတာပါ။

အောင်တိုဘာ ၂၈ ရက်မှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မြေနီလိမ်ရွာကနေတဆင့် ဂွေးပင်ရွာဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013