Home
မြန်မာသတင်း
သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်၏နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
October 28, 2024
Photo - သံလွင်တိုင်းမ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်ရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက် ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

အဲဒီအဆောက်အဦနဲ့မြေနေရာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတာကြောင့်ဆိုပြီး ထားဝယ်စုရပ်ကွက်က သူ့ရဲ့နေအိမ်ကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီမှာ လာရောက်ချိပ်ပိတ်တာလို့ ဦးကိုကိုဇော်က DVB ကို ပြောပါတယ်။

“ကား ၇ စီးနဲ့ လမ်းထိပ် ၂ ဘက်ကို ကားနဲ့ပိတ်ပြီး အဖွဲ့စုံနဲ့လာပြီး ပိတ်ပါတယ်။ ဒီအိမ်က မိဘတွေလက်ထက်ကတည်းက စဉ်ဆက်မပြတ် အဖေ၊ သား၊ မြေးတွေထိ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ ကျနော့်မိဘအိမ်ပါ။ ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်ကို စကစရဲ့ဖိ အားပေးမှုကြောင့် ထုတ်ဝေသူက ပြန်အပ်လိုက်ရပါတယ်။ ၂၀၁၈ ကတည်းက အွန်လိုင်းပလက်ဖောင်းကို ပြောင်းပြီး ထုတ်လုပ်နေတော့ ထုတ်လုပ်မှုအပေါ် သက်ရောက်မှု မရှိပါဘူး၊ မိသားစုနဲ့ ဝိုင်းတော်သားအပေါ်မှာ သက်ရောက်မှုရှိခဲ့ပါတယ်၊ ကျနော့်ကို အမှုဖွင့် ဖမ်းဆီးဖို့လုပ်တယ်၊ မမိတော့ မိသားစုကို ဒုက္ခပေးပါတယ်၊ မရတော့ အိမ်ကို ချိပ်ပိတ်ပါတယ်။”

မွန်ပြည်နယ်မှာအခြေစိုက်တဲ့ သံလွင်တိုင်းမ်သတင်းဌာနဟာ ၂၀၁၂ ခုနှစ် မေလမှာ စတင်တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားသတင်းဌာနတခုဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်မှာ မော်လမြိုင်မြို့က သံလွင်တိုင်းမ် သတင်းဌာနရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် သတင်းဌာနအဖွဲ့ဝင်အားလုံး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဦးကိုကိုဇော်က “စကစကတော့ သူတို့ရဲ့အာဏာကို ထိပါးမယ်ထင်တဲ့ ဘယ်သူ့ကိုမဆို နည်းမျိုးစုံနဲ့ ဒုက္ခပေးမှာပဲ။ ဒါတွေက ရှေ့မှာလည်းကြုံခဲ့ရပြီးပြီ။ သူတို့ဒုက္ခပေးဖို့ ဘယ်တော့မှ မေ့မထားဘူး ဆိုတာ သတိပြုစေချင်ပါတယ်” လို့ ဆက်ပြောပါတယ်။

သံလွင်တိုင်းမ်သတင်းဌာနဟာ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတနေရာကနေ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က သတင်းတွေကို နေ့စဉ်တင်ဆက်ပေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013