ယခင်ကထက်စာရင် လက်ရှိအချိန်ဟာ စစ်ရေးအခြေအနေက ပိုမိုအားကောင်းလာပါတယ်။ မြို့တွေသိမ်းပိုက်လာနိုင်တာ၊ စစ်ဌာနချုပ်တွေကို သိမ်းပိုက်နိုင်တာ၊ ခြိမ်းခြောက်လာနိုင်တာ၊ ထိုးစစ်ဆင်ဖို့ ကြိုးစားလာတာတွေကို အားလုံး အသိအကြား ဖြစ်နေကြမှာပါ။ ဒီတော့ သိမ်းပိုက်ထားတဲ့မြို့တွေ၊ နယ်မြေဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်လာတာ၊ စတင်လာဖို့ ကြိုးပမ်းနေတာတွေလည်း ရှိလာပါတယ်။ တချို့နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်း ဖော်ဆောင်ရတာ ထင်သလောက် မခက်ခဲပါဘူး။ ဘာလို့ဆို အဲဒီနယ်မြေဟာ သမိုင်းကြောင်းအရ ဘယ်သူဘယ်ဝါက ပိုင်ဆိုင်တယ်ဆိုတဲ့ တိကျတဲ့ သက်သေအထောက်အထားတွေ ရှိလို့ပါပဲ။ ဒါပေမဲ့ တချို့နယ်မြေတွေမှာတော့ အငြင်းပွားမှုတွေ ရှိနေတုန်းပါပဲ။ ရှမ်းမြောက်ဒေသက နေရာတွေကို စဉ်းစားကြည့်နိုင်သလို ချင်းပြည်နယ် ပလက်ဝကိုလည်း မြင်ယောင်ကြည့်လို့ရပါတယ်။
ဒီလိုနယ်မြေတွေကို စစ်ကောင်စီဆီကနေ သေနတ်နဲ့တိုက်ယူရုံနဲ့ ဇာတ်လမ်းပြီးမသွားကြပါဘူး။ သမိုင်းနဲ့ချီ ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်လို့ သိမ်မွေ့ပါတယ်။ တချို့ကလည်း နိုင်ငံအသစ် ထူထောင်ကြမယ်လို့ ပြောပြန်တယ်။ အခုခေတ်မှာ နိုင်ငံအသစ်ကို ထူထောင်ချင်တိုင်း ထူထောင်လို့ မရပါဘူး။ ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာဥပဒေအရ နယ်မြေသိမ်းပိုက်မှုဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။
အင်အားအသုံးပြုခြင်း
ဒီနယ်မြေကို ငါတို့တိုက်တယ်။ ဒီနယ်မြေကို သိမ်းပိုက်တယ်။ ဒါကြောင့် ဒီနယ်မြေကို ငါတို့ရဲ့ ဘာနိုင်ငံ၊ ဘာပြည်နယ်အဖြစ် ထူထောင်လိုက်မယ်၊ သွတ်သွင်းလိုက်မယ် ဆိုတာမျိုး လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေအရ အင်အားအသုံးပြုတဲ့နည်းလမ်း တခုတည်းနဲ့ တိုင်းပြည်ထူထောင်ခြင်း၊ နယ်မြေသိမ်းပိုက်ခြင်းဟာ တရားမဝင်ပါဘူး။ အဲဒီလို အင်အားအသုံးပြုပြီး နိုင်ငံထူထောင်ရင်တောင် တခြားနိုင်ငံတွေဆီကနေ နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို့က အတော်လေး ခက်ခဲပါတယ်။
ပြည်သူ့ဆန္ဒမဲပေးခြင်း
ဆယ်စုနှစ်နဲ့ချီ စစ်ဖြစ်ပွားပြီးနောက် ဆူဒန်တောင်ပိုင်းက ပြည်သူတွေဟာ နိုင်ငံအသစ် ထူထောင်ဖို့ ဆန္ဒမဲပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူအများစုက သူတို့နိုင်ငံနဲ့သူတို့ သီးခြားထူထောင်ချင်ကြတယ်လို့ ဆန္ဒပြုကြပါတယ်။ အဲဒီပြည်သူတွေရဲ့ ဆန္ဒမဲတွေကို ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ အဲဒီနောက် တောင်ဆူဒန်ဟာ နိုင်ငံတခုအဖြစ် ရပ်တည်ခွင့်ရခဲ့ပြီး အခုအခါမှာဆိုရင် ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်နေပါပြီ။ ဒါကြောင့် အင်အားအသုံးပြု ထူထောင်တာ တခုတည်းနဲ့တော့ နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုခံရဖို့ ခက်ခဲပါလိမ့်မယ်။
ကိုလိုနီဘဝမှကင်းလွတ်ခွင့်
နိုင်ငံတကာဥပဒေအရ နိုင်ငံတွေဟာ လွတ်လပ်ရေးရပိုင်ခွင့် ရှိပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတနိုင်ငံဟာ တခြားဘယ်နိုင်ငံရဲ့ ကိုလိုနီလက်အောက်ခံအဖြစ် သွတ်သွင်းခံရတာမျိုး မဖြစ်ဖို့လည်း လိုပါတယ်။ ကိုလိုနီဘဝဆိုရာမှာ နိုင်ငံရေးအရတင်မက စီးပွားရေးအရပါ ကင်းလွတ်ခွင့် ရှိရပါတယ်။
ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်
ဒါကတော့ နိုင်ငံတကာဥပဒေအရ သတ်မှတ်ထားတာလေးတွေကို အကျဉ်းမျှ ဖော်ပြခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံက အငြင်းပွားနယ်မြေတွေမှာ လက်နက်ကိုင်တိုက်ပြီး သိမ်းပိုက်ရုံနဲ့ မရပါဘူး။ အကယ်၍ ရခဲ့တယ်ဆိုရင်တောင် ယာယီပဲဖြစ်ပါလိမ့်မယ်။ တချိန်မဟုတ် တချိန်မှာ အငြင်းပွားမှုတွေ ထပ်ဖြစ်လာကြမှာပါပဲ။ ဖြေရှင်းမရတဲ့အဆုံး သေနတ်ကိုင်ပြီး အချင်းချင်း ပြန်တိုက်တာတွေလည်း ရှိလာနိုင်တာပါပဲ။ အခုတောင် တချို့နေရာမှာ ပစ်ခတ်မှုတချို့ကို တွေ့နေရတာပဲ မဟုတ်လား။ ဒါကြောင့် သိမ်းပိုက်သူတွေအနေနဲ့ အဓိကထား ထည့်စဉ်းစားရမယ့် အချက်ကတော့ အဲဒီနယ်မြေမှာရှိတဲ့ နယ်မြေခံ ပြည်သူလူထုရဲ့ သဘောဆန္ဒကို အလေးထားဖို့ပါပဲ။ ဒါဟာ ဒေသခံပြည်သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလေးထားခြင်းလည်း ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် ICCPR လို့ခေါ်တဲ့ အများပြည်သူနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး သဘောတူစာချုပ်မှာ ဆိုရင်လည်း ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ပြင်ပစွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကို ပြဋ္ဌာန်းထားတာပါ။ ဒါကြောင့် သမိုင်းကြောင်းအရ ဆက်စပ်မှုမရှိ၊ အငြင်းပွားစရာတွေရှိတဲ့ နယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်သာ အရေးကြီးကြောင်း အသိအမှတ်ပြုကြဖို့ လိုအပ်ပါတယ်။
တော်လှန်ရေးရည်ရွယ်ချက်
ကျနော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်သင့်ပါတယ်။ ငါတို့ တော်လှန်ရေး ဆင်နွှဲနေတာ ဘာအတွက်လဲ။ နွေဦးတော်လှန်ရေးဖြစ်စေ၊ နှစ်ပေါင်းကြာချီ ဆင်နွှဲလာတဲ့ တိုင်းရင်းသားတော်လှန်ရေးပဲဖြစ်စေ လက်နက်ကိုင်တော်လှန်ရတဲ့ အကြောင်းရင်းခံနဲ့ ရည်ရွယ်ချက်တို့က ရှိပြီးသားပါ။ နှစ်မျိုးစလုံးရဲ့ ရည်ရွယ်ချက်က စစ်တပ်ရဲ့ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးမှုကို ဘယ်လိုနည်းနဲ့မှ ဖြေရှင်းလို့မရတော့တဲ့အဆုံး လည်စင်းမခံချင်တော့တဲ့ အတွက် လက်နက်ကိုင်စွဲခဲ့ရတာပဲ မဟုတ်ဘူးလား။ အင်အားကြီးတယ်၊ ငါလုပ်ချင်တာလုပ်မယ်၊ ငါလုပ်သမျှ အကုန်မှန်တယ်ဆိုပြီး မြန်မာလူမျိုး အပါအဝင် တိုင်းရင်းသားတွေကို ထင်သလို တရားလက်လွတ် ပြုကျင့်နေတာတွေကို ရွံမုန်းလို့ တော်လှန်ရေးလုပ်ခဲ့ကြတာ မဟုတ်ဘူးလား။
တော်လှန်ရေးအဖွဲ့အစည်းအားလုံးဟာ ကိုယ်မကြိုက်လို့၊ ရွံမုန်းလို့ တော်လှန်လာခဲ့တဲ့ အရာတွေကို ကိုယ်အင်အားကောင်းလာချိန်မှာ ပြန်ပြီး မကျင့်သုံးမိဖို့ အထူးလိုအပ်ပါတယ်။ အထူးသဖြင့် အခုလို စစ်ရေးအခြေအနေကောင်းလာတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ လက်ရှိ အခြေအနေကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ခရီးအစကလို ဟုတ်သေးရဲ့လား၊ သွေဖည်သွားပြီလား ဆိုပြီး မကြာခဏ မေးသင့်ပါတယ်။ အလယ်ခေတ်က ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာရေး အဖြစ်အပျက်တွေ၊ ၂၀ ရာစုမှာ ကွန်မြူနစ်တချို့ရဲ့ အုပ်ချုပ်ရေးတွေကို သေချာ လေ့လာကြည့်မယ်ဆိုရင် တချိန်က ကိုယ်မကြိုက်ခဲ့တဲ့ အရာတွေကို ကိုယ်ပြန်လုပ်ခဲ့ကြတဲ့ သမိုင်းသာဓကတွေကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တွေ့နိုင်ပါတယ်။ ဒါက အများနဲ့ဆိုင်တဲ့ ကိစ္စတွေပါ။ လူတဦးချင်းစီရဲ့ ဘဝတွေမှာလည်း ဆင်းဆင်းရဲရဲ အနှိမ်ခံ အစော်ကားခံ ဘဝကနေ ကြိုးစားရုန်ကန်ပြီး အောင်မြင်လာတဲ့အခါမှာ ဘဝဟောင်းကို မေ့တတ်ပါတယ်။ တချိန်က ကိုယ်လိုဘဝတူတွေကို ပြန်ပြီး ဖိနှိပ်တာမျိုး၊ စော်ကားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါက သဘာဝလား မပြောတတ်ပေမဲ့ ဥပဒေ စည်းကမ်းတွေ၊ နိုင်ငံရေးကျင့်ဝတ်တွေနဲ့ ထိန်းကွပ်သွားမယ်ဆိုရင် ကျော်လွှားနိုင်ပါတယ်။ တော်လှန်ရေးဟာ တကယ်ပဲ တော်လှန်ရေး ပီသစေချင်ပါတယ်။
တင်ဦး